လူ့ခန္ဓာကိုယ်က ဆဲလ်တွေဟာ အချိန်နဲ့အမျှဖြစ်ပျက် ပြောင်းလဲနေတာကြောင့် လူတယောက်ရဲ့ မွေးဖွားချိန်ကစလို့ ၇နှစ်ပြည့်တိုင်းမှာ ခန္ဓာကိုယ်ဟာ လုံးဝအသစ်ပြန်ဖြစ်သွားတယ်ဆိုတာကို သင်ကြားဖူးပါသလား။တွေးကြည့်မယ်ဆိုရင်တော့ ဒီစိတ်ကူးဟာ ဖီးနစ်ငှက်တွေ မီးလျှံထဲတိုးပြီး ခန္ဓာကိုယ်အသစ်ရတာနဲ့ ဆင်တူတာကြောင့် အတော်လေးကြည်နူးစရာကောင်းတဲ့ စိတ်ကူးတခုပါပဲ။တကယ့်လက်တွေ့မှာတော့ ဒါဟာမှန်ကန်ခြင်းမရှိပါဘူး။အချိန် ၇နှစ်ဆိုတဲ့ သက်တမ်းတခုဟာလဲ လူ့ခန္ဓာကိုယ်က ဆဲလ်တွေအားလုံးတိုင်းရဲ့ ပျမ်းမျှဖြစ်တည်မှုကြာချိန် အကြမ်းဖျင်းလောက်အတွက်တောင် လုံလောက်တဲ့ အချိန်ပမာဏတခုမဟုတ်ပါဘူး။
ဆဲလ်တခုကိုမွေးဖွားခြင်း
ဆဲလ်တွေဟာသူတို့ကိုယ်တိုင်အားဖြင့် အသစ်ဖြစ်ဖို့ ဘယ်လောက်ကြာနိုင်မလဲဆိုတာကို သိနိုင်ဖို့ ပထမဆုံးအနေနဲ့ ဆဲလ်တွေဘယ်ကစဖြစ်တည်လာလဲဆိုတာကို အရင်သိဖို့လိုပါတယ်။သင့်ခန္ဓာကိုယ်မှာ ဆဲလ်အသစ်တွေကိုဖန်တီးဖို့ နည်းလမ်းမျိုးစုံရှိပါတယ်။ပထမဆုံးလူသိများတဲ့နည်းကတော့ mitosis လို့ခေါ်တဲ့ ဆဲလ်ကွဲခြင်း ဖြစ်စဉ်နဲ့ ဆဲလ်တခုကနေ ဆဲလ်အသစ်နှစ်ခု ဆင့်ကဲဆင့်ကဲ ပွားတဲ့ နည်းပါ။
ဆဲလ် အသစ်တွေကိုတော့ daughter cells တွေလို့ခေါ်ပြီးအခြေခံအားဖြင့်တော့ မူလဆဲလ်တွေကိုပဲ ပုံတူကူးပြီးဖြစ်ပေါ်နေတဲ့ သဘောမျိုးပါပဲ။နောက်တနည်းကတော့ ပင်မဆဲလ် (Stem cells)တွေကနေ ဆဲလ်အသစ်တွေကို စက်ရုံက ကားတွေထုတ်သလို ထုတ်လုပ်ပေးတဲ့နည်းဖြစ်ပါတယ်။ ဒီလိုပင်မဆဲလ် (Stem cells)တွေဟာခန္ဓာကိုယ် တည်ရှိနေကြပေမယ့်လဲ အရေအတွက်အားဖြင့် အတော်လေးနည်းပါးပါတယ်။ထိုဆဲလ်တွေဟာ သူတို့ကိုယ်တိုင် ဆဲလ်ကွဲခြင်းဖြစ်စဉ်(Mitosis)နဲ့ ပုံတူကူးပြီးဖန်တီးခြင်းပြုနိုင်ယုံမကပဲ အခြေအနေအရလိုအပ်တဲ့ အခြား ဆဲလ်တွေကိုပါ ထုတ်လုပ်ပေးနိုင်တဲ့ ဆဲလ်အမျိုးအစားတွေဖြစ်ပါတယ်။ ဒီလို ပင်မဆဲလ်တွေကနေထုတ်လုပ်ပေးတဲ့ ဆဲလ်အမျိုးအစားတွေထဲမှာ သွေးနီဆဲလ်(သွေးနီဥ)တွေလည်းပါဝင်ပါတယ်။ သွေးနီဆဲလ်တွေက ဆဲလ်ကွဲခြင်းဖြစ်စဉ်(Mitosis)နဲ့ ဆဲလ်အသစ်မပွားနိုင်တဲ့အတွက်ကြောင့် လိုအပ်လာရင် Stem cells တွေကပဲထုတ်လုပ်ပေးရပါတယ်။
ဆဲလ်အသစ်တွေရဲ့ ကြီးထွားမှုနှုန်းကိုထိန်းချုပ်ပေးဖို့ ဆဲလ်အဟောင်းတွေက သေဆုံးပေးဖို့လိုပါတယ်။ ဥပမာအနေနဲ့ လူတွေမွေးဖွားတဲ့အချိန်မှာ လက်ချောင်းနဲ့ခြေချောင်းတွေကြားက နေရာလွတ်တွေဟာ တစိတ်တဒေသအနေနဲ့ ဆဲလ်တွေသေဆုံးတာကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။ ဒီလို ဆဲလ်တွေသေဆုံးတဲ့ ဖြစ်စဉ်သာမရှိခဲ့ဘူးဆိုရင် လူတွေရဲ့ လက်၊ခြေထောက်တွေဟာ ဖားတွေရဲ့လက်တွေလိုပဲ အရေပြားတွေကပ်နေမျိုးဖြစ်နေကြမှာပါ။ ဆဲလ်တွေသေဆုံးမှုဖြစ်စဉ်ကလည်း သက်ရှိတွေအတွက် အရေးပါပါတယ်။ သင်္ခါရတရားအရကတော့ ဘယ် ဆဲလ်အမျိုးအစားမဆို အချိန်တန်ရင် ပျက်စီး သေဆုံးရတာပါပဲ။
ဆဲလ်တွေနဲ့ဖွဲ့စည်းထားတဲ့အရာတွေရဲ့ကွဲပြားခြားနားချက်များ
ဆဲလ်တွေအားလုံးရဲ့ ဖြစ်တည်မှုကြာချိန်တွေတိုင်းကတော့ တူညီနေမှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ အစာအိမ်လမ်းကြောင်းတလျှောက်က အစာကြေစေနိုင်တဲ့အက်စစ်အရည်တွေနဲ့ မကြာခဏထိတွေ့နေရတဲ့ ဆဲလ်တွေဟာ နှစ်ရက်ကြာတိုင်းမှာ အသစ်ဖြစ်ပေါ်ရပါတယ်။ အရေပြားကဆဲလ်တွေကတော့ နှစ်ပတ်မဟုတ်ရင် သုံးပတ်တိုင်းမှာ အသစ်ဖြစ်ပါတယ်။ အရေပြားဆိုတဲ့အရာဟာ သဘာဝပတ်ဝန်းကျင်နဲ့ လေထုတွေရဲ့ဒဏ်ကို တိုက်ရိုက်ထိတွေ့ရဆုံး အစိတ်အပိုင်းတခုဖြစ်တာကြောင် ဆဲလ်အသစ်ဖြစ်ပေါ်ခြင်း ဖြစ်စဉ်ဟာ အရေးကြီးလှပါတယ်။
သွေးနီဆဲလ်တွေဟာ Stem cells ကထုတ်လွတ်လိုက်တဲ့အချိန်ကစလို့ လေးလကြာလောက်အထိ ခန္ဓာကိုယ်ထဲမှာ အသက်ရှင်လည်ပတ်ပြီး သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်နိုင်ပါတယ်။ ရောဂါကူးစက်မှုတွေမဖြစ်စေဖို့ အဓိကတိုက်ခိုက်ပေးနေရတဲ့ သွေးဖြူဆဲလ်တွေကတော့ ရက်အနည်းအတွင်း(သို့)ရက်သတ္တပတ် ကျော်ကျော်လောက် အသက်ရှင်နိုင်ပါတယ်။ အဆီဆဲလ်တွေကတော့ ပျမ်းမျှအနေနဲ့ ၁၀နှစ်ကြာလောက်ထိကို အချိန်အတော်ကြာရှင်သန်နိုင်တာပါ။ ခန္ဓာကိုယ်ကိုပုံဖော်တည်ဆောက်ပေးထားတဲ့ အရိုးတွေဟာလဲ အဆီဆဲလ်တွေလိုပဲ ၁၀နှစ်တိုင်းမှာ အသစ်ဖြစ်နိုင်ပါတယ်။
ချွင်းချက်အနေနဲ့သင့်ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းတွေရဲ့သက်တမ်းဟာ သင့်ရဲ့အသက်နဲ့ညီတူနေကြပါတယ်။ ဥပမာ သင့်ရဲ့အုံးနှောက်ကတလုံးပဲရှိတာမျိုးပါ။ ဦးနှောက်ကဆဲလ်တွေက သင့်အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှအလိုက် အသစ်ထုတ်လုပ်ခြင်းမျိုးမရှိပါဘူး။ သိုပေမယ့် မကြာသေးမှီကလေ့လာတွေ့ရှိချက်တွေအရတော့ သင့်ဦးနှောက်ထဲကမှတ်ဉာဏ်နဲ့သက်ဆိုင်တဲ့ hippocampus ထဲမှာရှိတဲ့ ဆဲလ်တွေကတော့ ပြန်လည်ဖွံ့ဖြိုးနိုင်တယ်လို့ဆိုပါတယ်။ သင့်သွားမှကြွေတွေဟာဘယ်တော့မှအစားထိုးလို့မရသလို မျက်လုံးတွေကမှန်ဘီလူးတွေဟာလဲ အသက်သေဆုံးတဲ့ထိအသစ်ဖြစ်ပေါ်မှာမဟုတ်ပါဘူး။
ခန္ဓာကိုယ်ဟာမတူညီတဲ့ဆဲလ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး ဆဲလ်တခုချင်းစီရဲ့လုပ်ငန်းဆောင်တာနဲ့ ရှင်သန်ရတဲ့ကြာချိန်တွေကလည်းကွဲပြားပါတယ်။ ကားတစီးကိုဝယ်ယူစီးနင်းတဲ့သက်တမ်းတလျှောက်မှာ အင်ဂျင်ဖြုတ်မလဲခင် တာယာတွေ ခဏခဏဖြုတ်လဲရသလိုပဲ သင့်ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းနဲ့ ဆဲလ်တွေအစားထိုးရတဲ့အချိန်တွေကလည်းကွဲပြားပါတယ်။ ဒီလိုအစားထိုးမှုတွေအားလုံးပြီးဆုံးသွားရင်တောင်မှ သင့်ခန္ဓာကိုယ်တခုလုံးက လုံးဝအသစ်တခုဖြစ်မှာ မဟုတ်ပါဘူး။ အထက်မှာဖော်ပြခဲ့သလိုပဲ မျက်လုံးအိမ်ထဲက မှန်ဘီလူးလိုမျိုး တခါဖြစ်ပြီးတာနဲ့ တသက်လုံးပြန်အစားထိုးမဖြစ်ပေါ်တဲ့ ဆဲလ်အမျိုးအစားတွေ ရှိနေတဲ့အတွက်ကြောင့် လူတယောက်ဟာ ၇ နှစ်ကြာရင် ခန္ဓာကိုယ်အသစ်ဖြစ်တယ်ဆိုတာ မှားယွင်းတဲ့ အချက်အလက်တခုဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
ယခုဆောင်းပါးတိုကို ဤ Link မှ အဓိက မှီငြမ်းရေးသားဖော်ပြခြင်းဖြစ်ပါသည်။
#MyatMhueKhin
#MYSTI