၂၀၁၈ ခုနှစ်ရဲ့ သိပ္ပံဆိုင်ရာလွှမ်းမိုးမှုအရှိဆုံးတွေ့ရှိချက် (၁၀) ခု

ခင်ဗျားဟာ နှစ်တစ်နှစ်ရဲ့ လွှမ်းမိုးမူအရှိဆုံး သိပ္ပံဆိုင်ရာအောင်မြင်တွေ့ရှိချက်တွေကို စာရင်းပြုစုနေတာဆိုရင်တော့ ဒီဇင်ဘာလ က အဲ့ဒီ့အတွက် အကောင်းဆုံးလ တစ်လ ဖြစ်ပါတယ်။ ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိခြင်း က လူသားတို့အတွက် ဆေးဝါးအသစ်တစ်ခု တွေ့ ရှိမှုထက် ပိုအရေးကြီးတယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ။ ဒါမှမဟုတ် ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုပေါ်သို့ သွားရောက်ဆင်းသက်နိုင်ခြင်းကရော ပင့်ကူနို့ရည် spider milk ကို ရှာဖွေတွေ့ရှိခြင်းထက်ပိုကောင်းမယ်လို့ ထင်ပါသလား? အဲ့ဒီတော့ အခုလိုရွေးချယ်ရတယ်ဆိုတာ မလွယ်ကူ သလို လူတိုင်းရဲ့သဘောနဲ့ထပ်တူကျဖို့ မလွယ်ဘူးဆိုတာသိစေချင်ပါတယ်။ အခုကျနော် တို့ ရွေးချယ်ထားတဲ့ ၂၀၁၈ ခုနှစ် သိပ္ပံလောက ရဲ့ အထင်ရှားဆုံးတွေ့ရှိချက် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကမ္ဘာ့ ရှေးအကျဆုံး ဂူတွင်းနံရံဆေးရေးပန်းချီများ

ဟုတ်ကဲ့ ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အံ့သြစရာကောင်းတာ က အဲ့ဒီ နံရံဆေးရေးပန်းချီ တွေ ကို ကျနော်တို့လူသားတွေ ပြုလုပ်ခဲ့တာမဟုတ်ပါဘူး ။ နှစ်ပေါင်း ၆၅,၀၀၀ ကျော်သက်တမ်းရှိတဲ့ ရုပ်ပုံတွေကို စပိန်နိုင်ငံရဲ့ ဂူအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ် လို့ သုတေသနပညာရှင်များက ၂၀၁၈ ရဲ့ ဖေဖော်ဝါရီလ အတွင်းက ကြေညာခဲ့ပါတယ်။ ၎င်းရဲ့ သက်တမ်း ဟာ ဥရောပသို့ ရှေးဦးလူသားများ စတင်ရောက်ရှိလာခြင်းရဲ့ အချိန်ထက်ကို ပိုပြီးရှေးကျနေပါတယ်။ ဒါကြောင့် ဒီဆေးရေးပန်းချီများကို ကျန်တော်တို့ ရဲ့ ဘိုးဘေးလူသားများ မဟုတ်တဲ့ အခြားတစ်ခုခုက ပြုလုပ်ခဲ့တယ် လို့ ခန့်မှန်းရပါတယ်။ တစ်နည်းအားဖြင့် ဒီနံရံဆေးရေး ပန်းချီများဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကျနော်တို့ မျိုးဆက်အပြင် အခြား မျိုးတုန်းပျောက်ကွယ်ပြီး ဖြစ်သော လူသားမျိုးဆက်များ လဲ ရှိခဲ့ပြီး ဖြစ်ကြောင်း သက်သေပြနေခဲ့ပါတယ်။
ဆေးရေးပန်းချီများအကြောင်း ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းတို

၂။ ကျွန်ုပ်တို့ခန္ဓာကိုယ်တွင်အစိတ်အပိုင်း အသစ်တစ်ခုတွေ့ရှိခြင်း

ထိုအစိတ်အပိုင်းကို interstitium လို့ခေါ်ပါတယ် ။ ထိုအရာ က ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကိုယ်တွင်းနေရာအနှံအပြားမှာ တည်ရှိနေပါတယ်။ကျနော်တို့်ရဲ့ ကြွက်သားများကြား သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောများအကြား ကျနော်တို့ရဲ့ အစာခြေလမ်းကြောင်းများ နှင့် အဆုတ်များ ပတ်လည်တွင် တည်ရှိနေတတ်ပါတယ်။ရှာဖွေတွေ့ ရှိချက်ကို မတ်လ မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များဟာ ၎င်းအား နည်းပညာမြင့် ပုံရိပ်ဖော်ခြင်း နည်းပညာကို အသုံးပြုခြင်းဖြင့် ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီ interstitium ဆိုတာ က အတွဲလိုက် ဆက်သွယ်ထားတဲ့ အရည်တွေ နဲ့ ပြည့်နေသော အခန်းငယ်အများကြီး ကို ဆိုလိုပါတယ်။ ဒီအခန်းငယ်တွေဟာ ကျနော်တို့ တစ်သျူး ဆဲလ် တွေ ယူတဲ့အခါမှာ ပျက်စီးပါတယ်။ ဟုတ်ကဲ့ interstitium ရေ ကျနော်တို့ တွေ့ရတာဝမ်းသာပါတယ်။

၃။ ကွင်းဆက်လူသတ်သမားအား မျိုးရိုးဗီဇနှင့်ဆိုင်သောဝက်ဘ်ဆိုဒ် တစ်ခုမှဖမ်းဆီးမိခဲ့ခြင်း

၂၀၁၈ ခုနှစ် ဧပြီလမှာ ဖြစ်ပွားခဲ့တာပါ။ ဂျိုးဆက် ဒီအိန်ဂျယ်လ် လို့ ခေါ်တဲ့ သူဟာ လူအများအပြားကို သတ်ပြီး ဆယ်စုနှစ် ကျော် ထွက်ပြေးတိမ်းရှောင်နေရာကနေ ၎င်းရဲ့ မျိုးရိုးဗီဇ ဆိုင်ရာအချက်အလက် (DNA) ပေါ်အခြေခံပြီး ဖမ်းဆီးမိခဲ့ပါတယ် ။သို့သော် သက်သေအထောက်အထားတစ်စုံတစ်ရာ မှ အစိုးရဒေတာဘေ့စ် ၌မရှိပဲ အဲ့ဒီ အစား သူတို့ရဲ့ဆွေစဉ်မျိုးဆက် DNA data တွေကို ၎င်း၏ ဆွေမျိုးတစ်ဦး မှ GEDmatch အမည်ရ ဝက်ဆိုဒ် မှာ အပ်လုဒ်လုပ်ထားခဲ့ရာမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ကောင်းသော ကိစ္စတစ်ခုဖြစ်ပေမဲ့ အနာဂတ်မှာ ကျနော်တို့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များ ချိုးဖောက်ခံရခြင်း အတွက် စိုးရိမ်စရာလက္ခဏာတစ်ခုဖြစ်လာမလား ဆိုတာကတော့ တွေးစရာတစ်ခုပါပဲ။

တရားခံ Joseph DeAngelo ကို ဖမ်းဆီးခဲ့နိုင်မှုအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်

၄။ အလှမ်းကွာတဲ့ကမ္ဘာအသစ်များ ရှာဖွေတွေ့ရှိခြင်း

တင်စားပြောလိုက်တာပါ၊ လူတွေနေလို့ရတဲ့ ကမ္ဘာတွေလို့ တပ်အပ်ပြောလိုက်တာမဟုတ်ပါဘူး။ဖေဖော်ဝါရီလတွင် ကျွန်တော်တို့ ရဲ့ ဂလက်ဆီကြယ်စုအပြင်ဘက်က ဂြိုလ် အသစ် များကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ၎င်းကြယ်စု များမှာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း ပြင်ပအနီးအနားမှာရှိနေတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့နဂါးငွေ့တန်း ဂလက်ဆီ အပြင်ဘက်တွင် တည်ရှိနေသော ဂြိုလ်အစုအဝေးဖြစ်ပါတယ်။ ၂၀၁၈ ဇူလိုင်လ ထဲမှာ လည်း ကျနော်တို့ နေအဖွဲ့အစည်းရှိ ဂျူပီတာဂြိုလ် ကို လ ၁၂ စင်း ထက်မနည်း ဝန်းရံလှည့်ပတ်နေကြောင်းတွေ့ ရပါတယ်။ အောက်တိုဘာလရဲ့အစမှာ တော့ ပလူတိုဂြိုလ် ထက် အနည်းငယ် ဝေးသောနေရာတွင် ကမ္ဘာငယ်လေး တစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အဲ့ဒီဂြိုလ်ငယ်လေး ကို နက္ခတ္တဗေဒပညာရှင် များက “The Goblin“(မှင်စာလေး) ဟု နာမည်ပြောင်ပေးထားခဲ့ပါတယ်။

၅။ ပထမရှေးဦးလူ့ Hybrid(နှစ်မျိုးစပ်) ကိုရှာဖွေတွေ့ရှိခဲ့ခြင်း

သြဂုတ်လမှာတော့ ရှေးဟောင်းသုတေသနပညာရှင်များက သူတို့ ထူးခြားသောအရာတစ်ခုခုကိုရှာဖွေတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း90,000ခန့်လောက်က ဆိုက်ဘေးရီးယား ဒေသရှိ လိုဏ်ခေါင်းအတွင်း၌ သေဆုံးသွားခဲ့သော ရှေးခေတ်လူ့အမျိုးသမီးတစ်ဦး ၏ ရုပ်ကြွင်းကိုတွေ့ရှိခဲ့ပါတယ်။ ထိုအမျိုးသမီး ဟာ Neanderthal အမျိုးသမီးနှင့် Denisovan ယောကျ်ား တို့၏ကလေးဖြစ်ပါတယ် ။ရှေးဦးလူသားတွေက မျိုးကွဲပေါင်းများစွာနဲ့ဆင်းသက်လာတဲ့အထောက်အထားတွေရှိ ပါတယ်။ ထို အထဲ မှ ယခု တွေ့ရှိရတဲ့ အမျိုးသမီးရုပ်ကြွင်းမှာ Neanderthal နဲ့ Denisovan မျိုးရင်းနှစ်ခု ပေါင်းစပ်ပြီး လူ (Homo Sapiens) တွေနဲ့အလွန်နီးစပ်တဲ့ ပရိုင်းမိတ်တွေဖြစ်ပေါ်လာခဲ့ပုံပါပဲ။ အခုတွေ့ရှိမှုက အရမ်း အရေးကြီးတဲ့တွေ့ရှိမှုပဲ ဖြစ်ပါတယ်။

၆။ အင်္ဂါဂြိုဟ်ပေါ်မှာရေလက္ခဏာတွေတွေ့ရှိခြင်း

ဇူလိုင်လများတွင်ဥရောပအာကာသအေဂျင်စီ (ESA) ရဲ့ အင်္ဂါဂြိုဟ်ပေါ် မှ အာကာသယာဉ် ရဲ့ ရေဒါပေါ်မှ အင်္ဂါဂြိုဟ်တောင်ဘက်ဝင်ရိုး အောက်ဘက် တွင် ရေနှင့် အတူ အနည်အနှစ်များကို 20 ကီလိုမီတာ (12.5 မိုင်) ဇုန် အတွင်း တည်ရှိနေကြောင်း ဖမ်းယူရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အင်္ဂါဂြိုလ် ပေါ်တွင် ရေခဲများ နှင့် နှင်းမုန်တိုင်း များ ကိုသာ တွေ့ရှိခဲ့ ပြီး ယခုလိုမျိုး ရေ ကို အရည်အခြေအနေ နှင့် တွေ့ရှိရခြင်းမျိုး မရှိခဲ့သေးပေ။ ဒီ အင်္ဂါဂြိုလ် ပေါ်မှာ ရေ တွေ့ရှိခြင်းဟာ ကျနော် တို့ လူသားတွေ အတွက် အနာဂတ် မှာ မားစ်ဂြိုလ်ပေါ် သို့ပြောင်းရွှေ့အခြေချ နေထိုင်ရန် အတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ် ။

၇။ အာကာသယာဉ် အများအပြား လွှတ်တင်ခြင်းနှင့် ဆင်းသက်နိုင်ခဲ့ခြင်း

ကျနော်တို့ ဟာ အာကာသ ထဲသို့ အရာဝထ္တု တော်တော်များများ အရူးများသဖွယ် လွှတ်တင်ခဲ့ကြပါတယ်။ အဲ့ဒီအထဲ က မှ အကြော်ကြားဆုံး ကတော့ ဖေဖော်ဝါရီလ ထဲမှာ SpaceX ကheliocentric orbit(နေမျက်နှာပြင်နှင့်အနီးဆုံးပတ်လမ်း) ဆီသို့ Tesla roadster ကားအနီရောင်လှလှလေး ကိုလွှတ်တင်ခဲ့တာပါပဲ။ အဲ့ဒီကား ရဲ့ dashboard(ဒက်ရှ်ဘုတ်) ပေါ်ကနေလဲ Live video လွှင့်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီလွှတ်တင်မှုမှာ တခြားမစ်ရှင်လည်းရှိခဲ့ပါတယ် ။ ESA ရဲ့ BepiColombo အာကာသယာဉ် ကို မာကျူရီဂြိုလ်ပေါ်သို့ ထွက်ခွာရန် ပဲဖြစ်ပါတယ်။ ဂျပန်ရဲ့ Hayabusa2 အာကာသယာဉ် မှာလဲ ဂြိုဟ်သိမ် Ryugu အပေါ်မှာ အောင်မြင်စွာဆင်းသက် နိုင်ခဲ့ ပြီးတော့ နာဆာရဲ့ OSIRIS-Rex အာကာသယာဉ်မှာလဲ ဂြိုဟ်သိမ် Bennuပေါ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။ အားလုံးထဲ က စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ကျနော်တို့အင်္ဂါဂြိုဟ်ပေါ်သို့ နောက်ထပ်အခြားသော ယာဉ်များ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ NASA ရဲ့ Insight Lander က ဂြိုလ်နီကြီး ပေါ် ကို လွန်ခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက် ကတည်းက ဆင်းသက်ခဲ့ပြီး ရင်သပ်ရှုမောဖွယ်ပုံရိပ် တွေကို ပြန်ပို့ပေးနေပါပြီ ။

၈။ ရှေးအကျဆုံးသက်ရှိ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခြင်း

စက်တင်ဘာလမှာတော့ သြစတြေးလျသိပ္ပံပညာရှင်များက ရှေးအကျဆုံး သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီရုပ်ကြွင်းကတော့ ဘူမိဗေဒဆိုင်ရာ မှတ်တမ်းများထဲ မှာ သက်တမ်းအမြင့်မားဆုံး ပါပဲ။ အဲ့ဒီရုပ်ကြွင်းကိုတော့ Dickinsonia လို့ခေါ်ပြီးတော့ ၎င်းသက်ရှိ ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း 558 သန်းခန့် ကအသက်ရှင် နေထိုင်ခဲ့တာပါ။အခုတွေ့တဲ့ သတ္တဝါ ရုပ်ကြွင်းက Cambrain ပေါက်ကွဲမှုကြီးမဖြစ်ခင် နှစ်သန်းပေါင်း ၂၀ ခန့် စောနေခဲ့ပါတယ်။ထို့ကြောင့် ဒါဟာ တွေ့ရှိခဲ့ဖူးသမျှကျောက်ဖြစ်ရုပ်ကြွင်း တွေထဲမှာ အစောဆုံးဖြစ်နေခဲ့ပါတော့တယ်။

၉။ ကြွက်မိခင်နှစ်ဦး တည်းဖြင့် ကြွက်များမွေးဖွားနိုင်ခဲ့ခြင်း

အောက်တိုဘာလများတွင် တရုတ်သိပ္ပံပညာရှင်များက သူတို့ဟာ ကြွက်မိခင်နှစ်ဦးရဲ့ မျိုးရိုးဗီဇများပင်စည်ဆဲလ်များကို ပေါင်းစပ်တည်းဖြတ် ပြီး ကျန်းမာသန်စွမ်းသော ကြွက်သားပေါက်များအဖြစ် မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းကြေညာခဲ့သည်။ ၎င်းကြွက်ငယ်များသည် အရွယ်ရောက်သည်အထိ ကြီးပြင်းနိုင်ခဲ့ကြပြီး ၎င်းတို့ရဲ့ကိုယ်ပိုင်အမျိုးအနွယ်ကို လည်းဆက်လက်မျိုးပွားနိုင်ကြပါတယ်။ သူတို့ ဟာ သိပ်မကြာခင်မှာပဲ လူ အမျိုးသမီး နှစ်ဦး ပေါင်းစပ်ခြင်းဖြင့် လူသားကလေးများ ဖန်တီးနိုင်တော့မည် ဟု အခိုင်အမာပြောခဲ့ သော်လည်း တကယ်တမ်းမှာ တခြား သိပ္ပံပညာရှင်တယောက်က အငြင်းပွားဖွယ်ရာ တရားမဝင်နည်းလမ်းနဲ့ မျိုးရိုးဗီဇများပေါင်းစပ်ပြုပြင်ထားတဲ့ သန္ဓေသားငယ်များကို ဒီနှစ်အတွင်းမှာပဲ ဖန်တီးခဲ့ပြီးဖြစ်ပါတယ်။

၁၀။ ကီလိုဂရမ်ကိုပြန်လည်အနက်အဓိပ္ပါယ်ဖွင့်ခဲ့ခြင်း

လွန်ခဲ့သောနှစ်များစွာက ကျနော်တို့ဟာ အတိုင်းအတာ အချိန်အတွယ် တွေကို ကျနော်တို့ရဲ့ လက်မောင်းတွေ၊ လက်ဝါးတွေ ကို အသုံးပြုပြီး တိုင်းတာခြင်တွယ်ခဲ့ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အတိုင်းအတာအချိန်အတွယ် တွေဟာ ပိုပြီး အဆင့်မြင့်လာခဲ့ပါပြီ။ ဒါပင်မဲ့လို့ မကြာသေးမီအချိန်အထိ တစ်မီတာရှည်တဲ့ ဘားတံ နဲ့ တစ်ကီလိုဂရမ်လေးတဲ့ ဆလင်ဒါပုံ အလေးကြီးကို အံ့သြစရာကောင်းလောင်အောင်ပဲ ပဲရစ်မြို့မှာ အသုံးပြုခဲ့ပါတယ်။1983ခုနှစ် မှာ အဲ့ဒီ တစ်ကီလိုဂရမ်အလေးကြီးဟာ အသွင်အပြင်တစ်ခု ရခဲ့ပြီးတော့ မီတာတံ ဟာ လဲ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း အလင်းရဲ့ သွားနိုင်တဲ့အကွာအဝေးပေါ်အခြေခံပြီး သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုမကြာသေးခင်က မှ ကျင်းပခဲ့ တဲ့ (၂၆)ကြိမ်မြောက် အလေးချိန်နှင့်အတိုင်းအတာဆိုင်ရာ အထွေထွေညီလာခံ အပြီးမှာတော့ ကီလိုဂရမ်ကို Planck’s constant ပေါ်အခြေခံပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ယခုဆောင်းပါးကို ဤ Link မှ အဓိက မှီငြမ်းတင်ဆက်ခြင်းဖြစ်ပါသည်။
https://curiosity.com/topics/the-10-greatest-scientific-achievements-of-2018-curiosity
Sharing is caring