A သွေးကို O သွေးဖြစ်အောင်ပြောင်းပေးမယ့် ဘက်တီးရီးယား

အရေးပေါ်ခွဲစိတ်ကုသမှုတွေ၊ မတော်တဆဖြစ်မှုတွေနဲ့၊ ပုံမှန်သွေးသွင်းရတဲ့ကိစ္စရပ်တွေအတွက်အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဆေးရုံတွေမှာ တနေ့တာအသုံးပြုရတဲ့သွေးပမာဏက 16,500 လီတာဝန်းကျင်ရှိပါတယ်။ ဒါဟာ ဂါလန်‌ 1600 မီးသတ်ကား ၂ စီးစာထက်တောင်ပိုများတဲ့ပမာဏဖြစ်ပါတယ်။ ‌ဒါပေမဲ့ သွေးသွင်းတဲ့အခါတွေ့ကရာသွေးကိုသွင်းလို့မရတာလူတိုင်းအသိဖြစ်ပါတယ်။လိုက်ဖက်မညီတဲ့သွေးသွင်းမိတယ်ဆိုရင် လူနာအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။
အူလမ်းကြောင်းထဲက Bacteria တွေကိုလေ့လာနေတဲ့ သုတေသီတဖွဲ့ဟာ A သွေးအမျိုးအစားကို ဘယ်သွေးအမျိုးအစားပိုင်ရှင်ကမဆို လက်ခံသွင်းယူနိုင်အောင် ပြောင်းလဲပေးနိုင်တဲ့ အင်ဇိုင်း နှစ်မျိုးကို ထုတ်လုပ်ပေးနိုင်တဲ့ Microbes 🦠 တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ တကယ်လို့ဒီတွေ့ရှိမှုအပေါ် တိုးချဲ့တီထွင်မှုတွေထပ်လုပ်နိုင်မယ်ဆိုရင် သွေးလှူခြင်း သွေးသွင်းခြင်းအပေါ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။
“ဒါဟာ ပထမဆုံး ဦးဦးဖျားဖျားတွေ့ရှိမှုဖြစ်ပြီး အချက်အလက်တွေကိုလည်း အကြိမ်ကြိမ်ပြန်လည်စမ်းသပ်အတည်ပြုထားပါတယ်။ ဒါတကယ့်ကို ရှေ့ပြေးတွေ့ရှိမှုတခုပါ” လို့ Harvey Klein ကပြောပါတယ်။ Harvey Kelin ဟာ Maryland၊ Bethesda မှာရှိတဲ့ National Institute of Health’s Clinical Center က transfusion expert (သွေးသွင်း ကျွမ်းကျင်) တဦးဖြစ်ပါတယ်။
လူတွေမှာ ပုံမှန်အားဖြင့် A, B, AB နဲ့ O ဆိုပြီး သွေးအမျိုးအစားလေးမျိုးခွဲနိုင်ပါတယ်။ ဒါဟာတကယ်တော့ သွေးနီဥအပေါ်က သကြားမော်လီကျူး (Sugar molecules) တွေရဲ့ ပုံပန်းသဏ္ဌာန်တွေအပေါ်လိုက်ပြီးခွဲခြားတာဖြစ်ပါတယ်။
Antigen အနေအထားအပေါ်မူတည်၍သွေးအမျိုးအစားကွဲပြားပုံ (Source: https://courses.lumenlearning.com/microbiology/chapter/hypersensitivities/)
တကယ်လို့ A သွေးပိုင်ရှင်လူတယောက်ကို B သွေးသွင်းမိရင်၊ အပြန်အလှန်အားဖြင့် B သွေးပိုင်ရှင်လူတယောက်ကို A သွေးသွင်းမိရင်၊ အဲ့ဒီ blood antigens လို့ခေါ်တဲ့ သကြားမော်လီကျူးလေးတွေက antigen အမျိုးအစားတွေမတူတဲ့အတွက် ရန်သူအဖြစ်နဲ့မှတ်ယူပြီး သွေးနီဥတွေကိုပြန်လည်ဖျက်ဆီးပစ်ဖို့ ကိုယ်ခံအားစနစ်ကို လှူံဆော်နိုင်ပါတယ်။ ဒီလိုအန္တရာယ်အခြေအနေမျိုးကြောင့် ဘယ်သွေးအမျိုးအစားပိုင်ရှင်မျိုးကမဆို လက်ခံနိုင်တဲ့ ဘုံသွေးအမျိုးအစားတမျိုးရရှိနိုင်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ဒါပေမဲ့ ခြွင်းချက်အနေနဲ့ O သွေးမှာ အဲ့ဒီ antigen molecules တွေမပါရှိပါဘူး။ အဲ့ဒီအတွက် ဘယ်သွေးအမျိုးအစားကမဆို သူ့ကို မိတ်ဆွေရန်သူမခွဲခြားဘဲ လက်ခံပေးနိုင်ပါတယ်။ မကြာခဏဆိုသလို အရေးပေါ်အခြေအနေတွေမှာ လူနာရဲ့ သွေးအမျိုးအစားကို ဆန်းစစ်နိုင်ဖို့အချိန်မရှိတဲ့အခါမျိုးမှာ ဒီလို ဘုံသွေးအမျိုးအစားတွေ လုံလုံလောက်လောက်ရှိထားဖို့လိုအပ်ပါတယ်။
A သွေးအမျိုးအစားဟာ လူတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့သွေးအမျိုးအစားပါ။ A သွေးဆဲလ်ရဲ့ နံရံပေါ်က Antigen တွေကိုဖယ်ရှားပေးနိုင်မယ်ဆိုရင် ဘုံ O သွေးကိုရရှိမှာဖြစ်ပါတယ်။ ဒီလိုဖယ်ရှားတဲ့လုပ်ငန်းစဉ်တွေကို အင်ဇိုင်းတွေကလုပ်ပေးနိုင်ပါတယ်။ အရင်အချိန်က ရှာဖွေတွေ့ရှိခဲ့တဲ့ အင်ဇိုင်းတွေရဲ့ အန်တီဂျင်တွေကို ဖယ်ရှားပေးနိုင်စွမ်းက လိုအပ်ချက်နဲ့ တွက်ချေမကိုက်ခဲ့ပါဘူး။
ဒီလို အင်ဇိုင်းတွေကိုလေ့လာနေကြတဲ့ သုတေသီတဖွဲ့ဟာ အူထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဘက် ပြန်လှည့်ပြီး သုတေသနပြုဖို့ စိတ်ကူးရခဲ့ကြပါတယ်။ အူထဲမှာရှိတဲ့ 🦠Microbes တချို့ဟာ အူနံရံမှာတွယ်ကပ်ပြီး mucins လို့ခေါ်တဲ့ သကြားမော်လီကျူးကို စားသုံးကြပါတယ်။ ဒီ mucins sugar တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက သက်ဆိုင်ရာ သွေးနီဥပေါ်မှာရှိတဲ့ antigen molecules တွေနဲ့ ဆင်တူပါတယ်။
သုတေသီ Rahfeld က လူ့မစင်နမူနာတချို့ကိုယူပြီး အထဲက DNA ကိုထုတ်ယူပါတယ်။ သဘောတရားအရ အဲ့ဒီ DNA ထဲမှာ mucins sugar ကို ချေဖျက်နိုင်တဲ့ ဘက်တီးရီးယား 🦠 ရဲ့ ဗီဇ (Gene) လည်းပါဝင်နေမှာဖြစ်ပါတယ်။ အဲ့ဒီရရှိလာတဲ့ ဗီဇ (Gene) ကို ဓာတ်ခွဲခန်းသုံး ဘက်တီးရီးယားဖြစ်တဲ့ Escherichia coli ထဲကိုထိုးသွင်းပါတယ်။ ပြီးတဲ့အခါမှာ ထိုးသွင်းခံရတဲ့ ဘက်တီးရီးယားတွေက သွေးနံရံပေါ်က Antigenမော်လီကျူးတွေကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းထုတ်ပေးနိုင်ခြင်းရှိမရှိကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

ဘက်တီးရီးယားများ (Source: https://www.jcm.riken.jp/cgi-bin/jcm/jcm_number?JCM=32125 & https://www.artstation.com/artwork/8D63x)
စစဦးမှာတော့ သိသာတဲ့ ရလာဒ်တွေမရခဲ့ပါဘူး။ ဒါပေမဲ့ရလာတဲ့ အင်ဇိုင်းတွေထဲက အင်ဇိုင်းနှစ်မျိုးကို စမ်းသပ်လိုက်တဲ့အခါမှာတော့ antigenတွေ ကျေပျက်သွားတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအင်ဇိုင်းတွေကိုထုတ်ပေးနိုင်တဲ့ bacteria အမည်ကတော့ Flavonifractor plautii လို့ခေါ်ပြီး ဒီတွေ့ရှိချက်ကို Nature Microbiology မှာ ဖော်ပြခဲ့ပါတယ်။ လူဦးရေ သုံးပုံပုံ တစ်ပုံဟာ A သွေးအမျိုးအစားရှိကြတာမို့ ဘုံ O သွေးဖန်တီးရယူနိုင်ဖို့ အခွင့်အလမ်းက နှစ်ဆမြင့်တက်သွားပါပြီ။
ဒါပေမဲ့ A antigen ရှိရှိသမျှကိုချေဖျက်နိုင်ဖို့နှင့်၊ မူလသွေး Cell ကို ထိခိုက်မှုမရှိစေဖို့အတွက်ကတော့ သုတေသနတွေထပ်ပြီးတိုးချဲ့လုပ်ကိုင်ဖို့လိုနေပါသေးတယ်။ လောလောဆယ်မှာတော့ အရလွယ်ဆုံးဖြစ်တဲ့ A သွေးရဲ့ Antigen ကို ချေဖျက်နိုင်ဖို့ကို အဓိကဦးတည်ချက်ထားနေပြီး နောက်ပိုင်းမှာ အခြား Antigen ပါရှိတဲ့ သွေးအမျိုးအစားတွေအတွက်လည်း ထပ်မံသုတေသနပြုသွားကြမှာဖြစ်ပါတယ်။
Sharing is caring