စစ်ကိုင်းပြတ်ရွေ့အကြောင်းတစေ့တစောင်း

ကမ္ဘ့ာမြေထုချပ်ကြီးများ

ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီး၏ မြေမျက်နှာပြင်သည်တည်ငြိမ်သည်ဟုထင်ရ သော်လည်းအစဉ်မပြတ်ရွေ့လျားလျက်ရှိသည်။ ဆိုလိုသည်မှာကမ္ဘ့ာအတွင်းပိုင်းရှိချော်ရည်များ ကမ္ဘာ့အပြင်ဖက်မြေမျက်နှာပြင်ပေါ်သို့ အစဉ်မပြတ်တိုးဝင်မှုများကြောင့် ကမ္ဘာမြေထုချပ်ကြီးများ(tectonic plates)တဖြည်းဖြည်းရွေ့သွားနေခြင်းကိုဆိုလိုသည်။

ထိုကဲ့သို မြေထုချပ်ကြီးများ ရွေ့နေရာမှ တစ်ခုနှင့်တစ်ခု တွေ့ဆုံကျသောအခါ ပွတ်တိုက်မှုများဖြစ်ပေါ်ပြီး မြေမျက်နှာသွင်ပြင်သည်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။ ကမ္ဘာမြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအနက်ပြတ်ရွေ့များ(faults) သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပြတ်ရွေ့များသည် အက်ကွဲကြောင်းတစ်ခုအတိုင်း မြေသားထုကျိုးပြတ်ကာ တစ်ဖက်တစ်ချက်ရှိကျောက်များ ရွေ့သွားသောကြောင့် ဖြစ်ပေါ်ကြသည်။

ပြတ်ရွေ့ဟုဆိုရာတွင်ကျွန်တော်တို့မြန်မာနိုင်ငံ၌တောင်ဘက်သို့ရွေ့လျားနေသော India plate နှင့် Eurasian plate တို့နှစ်ခုတေ့ဆက်မှုကြောင့် ဖြစ်ပေါ်နေသော စစ်ကိုင်းပြတ်ရွေ့ကြီး(Sagaing fault) တစ်ခုရှိသည်။ 

စစ်ကိုင်းပြတ်ရွေ့မြေပုံ

 ဤစစ်ကိုင်းပြတ်ရွေ့ကို ၁၉၆၀ တွင် ပညာရှင်အချို့မှ စစ်ကိုင်းတွင် လေ့လာခဲ့ပြီး အသေးစားသာမန်ပြတ်ရွေ့ဟုထင်ခဲ့သော်လည်း ၁၉၆၉ခုနှစ်တွင်အမေရိကန်နိုင်ငံမှဘူမိဗေဒ ဒေါက်တာဘွဲ့ရဒေါက်တာဦးဝင်းဆွေက သေချာသုသေသနပြုလေ့လာခဲ့သောအခါ စစ်ကိုင်းပြတ်ရွေ့သည်သာမန်အသေးစားပြတ်ရွေ့တစ်ခုမဟုတ်ပဲကီလိုမီတာ၁၂၀၀ကျော်ရှည်လျား  ပြီး မြန်မာနိုင်ငံတောင်နှင့်မြောက်လားရာ အတိုင်းအလယ်ကပိုင်းထားသည်ဟုသိခဲ့ကြသည်။ ဤပြတ်ရွေ့သည်မြောက်ဘက်တိဘက်ကုန်းမြင့် ဟူးကောင်းချိုင့်ဝှမ်းမှစတင်ပြီး အိန္ဒိယအထိရှည်လျားကာ မြန်မာနိုင်ငံတောက်လျောက်ဝင်လာပြီး မိုးကောင်း၊မိုးမိတ်၊စစ်ကိုင်း၊အင်းဝ၊မန္တလေး၊ ပျော်ဘွယ်၊မိတ္ထီလာ၊မြစ်သား၊တောင်ငူ၊ပဲခူး၊သုံးခွ စသောမြို့ကြီးများကိုဖြတ်ပြီးမြစ်ဝကျွန်းပေါ်ကနေ တောင်ဘက်ကပ္ပလီပင်လယ်အိန္ဒိယသမုဒ္ဒရာထဲ စိုက်ဝင်သွားသည်။

Strike-slip (အလျားလိုက်ပြတ်ရွေ့ပုံ)

စစ်ကိုင်းပြတ်ရွေ့သည်အလျားလိုက်ပြတ်ရွေ့ (Strike-Slip fault) အမျိုးအစားဖြစ်သည်။အတိအကျဖြင့်ဆိုသော် လက်ယာအလျားလိုက်ပြတ်ရွေ့(right-lateral strike-slip fault)ဖြစ်သည်။      အလျားလိုက်ပြတ်ရွေ့ (Strike slip fault) ဆိုသည်မှာမြေထုချပ်နှစ်ခုသည်ဒေါင်လိုက်အရွေ့ကြီးကြီးမားမားမရှိပဲတစ်ခုကိုတစ်ခုဘေးတိုက်ရွေ့လျားသွားခြင်းဖြစ်သည်။စစ်ကိုင်းပြတ်ရွေ့ကြီး သည်ပျမ်းမျှအားဖြင့်နှစ်စဉ်၁၈-၂၀မီလိမီတာရွေ့လျားပြီးကြီးမားသောသက်ရှိပြတ်ရွေ့တစ်ခုလည်းဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့တလျှောက်လှုပ်ရှားခဲ့သောအချိန်နှင့်နေရာများ

စစ်ကိုင်းပြတ်ရွေ့ကြောင့် မြန်မာနိုင်ငံတွင် သတ္တုရိုင်းတွင်းထွက်များ များစွာဖြစ်တည်နေသော်လည်း ထိုပြတ်ရွေ့ကြောင့်ပင် ဘဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခြင်း အထူးသဖြင့် ငလျင်လှုပ်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပဲခူးငလျင်၊ပုဂံငလျင်၊အင်းဝငလျင်စသည့် အင်အားကြီးငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြီး၏ ရွေ့လျားမှုများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဤငလျင်များကြောင့် အသက်ပေါင်းများစွာသေဆုံးခဲ့ရပြီး၊ စေတီပုထိုးများ၊ အဆောက်အဦးများလည်း များစွာပျက်စီးခဲ့ရသည်။ အချို့ပညာရှင်များက နှစ်ရှစ်ဆယ်မှနှစ်တစ်ရာကြား စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားမှုကြောင့် အင်အားကြီးငလျင်တစ်ခုဖြစ်လာနိုင်သည်ဟုယူဆကြသည်။အကြောင်းကား ယခင်အထောက်အထားအရ ၁၈၃၀တွင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးတွင်အင်အားကြီးငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက်နှစ်တစ်ရာ၁၉၃၀ခုနှစ်တွင်ရွှေမော်ဓော စေတီတော်ကြီးစိန်ဖူးတော်မြေခသည့်အထိ ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့ပြန်သည်။ ဤအခြေအနေကိုကြည့်၍ ပညာရှင်များက မြန်မာနိုင်ငံတွင် အင်အားကြီးငလျင်များ မလှုပ်ခတ်သည်မှာ နှစ်ပေါင်း ၈၀ မှ ၉၀ နီးပါး ရှိလာပြီဖြစ်၍ စစ်ကိုင်းပြတ်ရွေ့ တလျောက်တွင် နေထိုင်ကြသော လူများအားလုံး သတိထားကြရန် ပြောဆိုထားသည်။ ထိုကြောင့်သက်ရှိပြတ်ရွေ့ကြီးရှိနေသောကျွန်တော်တို့မြန်မာနိုင်ငံတွင်သဘာဝဘေးအန္တရာယ်များထဲမှတစ်ခုဖြစ်သော အချိန်မရွေးဖြစ်နိုင်သောငလျင်အန္တရာယ်ကိုလည်းသတိပြုကြရန်တိုက်တွန်းရင်း ကျွန်တော့စာတမ်းလေးကိုနိဂုံးချုပ်အပ်ပါသည်။

Sharing is caring