သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက် ၅ ခု

ဥပမာအားဖြင့် ဝင်ရိုးစွန်းကရေခဲပြင်တွေအရည်ပျော်ပြီး လျော့နည်းပျောက်ကွယ်လာတာ၊ တိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်လာတာ၊ ရာသီဥတုတွေပြောင်းလဲဖောက်ပြန်လာတာမျိုးတွေပေါ့။ 

တကယ်တမ်းမှာ ကမ္ဘာ့လေထုက ကမ္ဘာပေါ်မှာဖြစ်ပျက်သမျှအရာအားလုံးအပေါ်လွှမ်းမိုးသက်ရောက်နိုင်တာမို့ သင်မသိသေးတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ရှုပ်ထွေးတဲ့အကျိုးဆက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ 

အဲ့ဒီထဲက တချို့အကျိုးဆက်တွေက မဖြစ်နိုင်ဘူးလို့တောင်ထင်စရာရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ထိတ်လန့်အံ့ဩဖွယ်ရာ အမှန်တရားတွေပါ။ နံပါတ်စဉ်လေးတွေတပ်ပြီးရေးသားထားတာမို့ ဆက်လက်ဖတ်ရှုကြည့်ပါဦး

 

၁။ပိုခက်ခဲလာမယ့် လေကြောင်းခရီးစဉ်များ

 

တကယ်လို့သင်က လေယာဉ်သိပ်စီးလေ့မရှိတဲ့လူဆိုရင်တော့ သင့်အတွက်သိပ်ပြီး ပြဿနာမရှိလောက်ပါဘူး။ တခါတလေ လေယာဉ်စီးတဲ့လူတယောက်အတွက်တော့ လေကြောင်းမတည်ငြိမ်မှုကြောင့် လေယာဉ်ဆောင့်တယ်ဆိုတာ(Turbulence)က တခါတလေ သောက်စရာလေးဖိတ်သွားတာလောက်၊ ထိုင်ခုံခါးပတ် ထပတ်ရတာလောက်နဲ့ ပြီးသွားတာမျိုးပေါ့။ 

ဒါပေမဲ့အခုဏပြောခဲ့သလို Turbulence ဆိုတာမျိုးက ရံဖန်ရံခါမှ လေယာဉ်စီးခရီးသွားတတ်တဲ့လူတယောက် အတွက် ပြဿနာမဟုတ်ပေမယ့် လေကြောင်းလိုင်းတခုလုံးအတွက်တော့ ခေါင်းခဲစရာပါ။ Air Turbulence ကြောင့်ဒဏ်ရာရသွားတဲ့ခရီးသည်တွေ ကျိုးပဲ့သွားတဲ့ ပစ္စည်းတွေအတွက် ပြန်လည်လျော်ကြေးပေးရတာတွေကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးရတဲ့ ပြဿနာတခုဖြစ်လို့နေပါတယ်။

Air turbulence ဆိုတာက မြန်နှုန်းမြင့်လေစီးကြောင်း (Jet streams)တွေကြောင့်ဖြစ်တာဖြစ်ပါတယ်။ Jet streams တွေဟာ ကမ္ဘာ့လေထုအမြင့်ပိုင်းမှာ မြန်နှုန်းမြင့်စီးဆင်းနေတဲ့လေစီးကြောင်းတွေဖြစ်ပါတယ်။ 

ကမ္ဘာလေထုထဲရှိ မြန်နှုန်းမြင့်လေစီးကြောင်းကြီးများကို သရုပ်ဖော်ထားပုံ

၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့လေ့လာမှုစစ်တမ်းတခုမှာတော့ ကမ္ဘာ့လေထူပူနွေးလာမှုကြောင့် Jet streams တွေရဲ့ ရွေ့လျားမှုက ပိုမိုမြန်ဆန်လာပြီး Air Turbulence တွေပိုမိုဖြစ်ပွားလာဖွယ်ရာရှိတယ်လို့ကောင်ချက်ချထားပါတယ်။

၂၀၀၇ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့စစ်တမ်းအရတော့ Turbulence က ၁၉၅၀ ခုနှစ်နဲ့နှိုင်းယှဉ်လိုက်ရင် ၄၀% ကနေ ၉၀ % အထိတိုးလာတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါကတော့ အတော်သိသာတဲ့အကျိုးဆက်တခုလို့ပြောနိုင်ပါတယ်။

 

၂။ကူးစက်ရောဂါများပိုမိုပေါက်ဖွားပျံ့နှံ့လာခြင်း

 

လာမည့်ဆယ်စုနှစ်တစ်စုအတွင်းမှာ, ရောဂါတွေကူးစက်ပြန့်ပွားခြင်းက နည်း၂မျိုးနဲ့ ပြောင်းလဲဖြစ်ပွားလာနိုင်ပါတယ်။ ပထမတနည်းက တိရစ္ဆာန် တွေဆီကရတဲ့ရောဂါတွေကတိုးပွားလာခြင်းဖြစ်ပြီး။နောက်တနည်းကတော့ တိမ်မြုပ်သွားပြီဖြစ်တဲ့ ကပ်ရောဂါအဟောင်းတွေ ပြန်ပေါ်လာတာပါပဲ။

ပူချိန်မြင့်တက်လာခြင်းနဲ့အကျိုးဆက်အနေနဲ့ ပူနွေးစိုစွတ်ပြီး မိုးများလာခြင်းက ရောဂါပိုးသယ်ဆောင်တဲ့ တိရိစ္ဆာန်တွေပေါက်ဖွားမှုနှုန်းကို အဆမတန်မြင့်တက်လာစေမှာဖြစ်ပါတယ်။ ဥပမာပြောရရင် တုပ်ကွေးနဲ့ ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ ခြင်တွေ၊ leptospirosis နဲ့ tularaemia တို့လိုရောဂါကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယား တွေကိုပျံ့နှံ့စေနိုင်တဲ့ ကြွက်တွေ လိုအကောင်တွေဖြစ်ပါတယ်။

လတ်တလောမှာတော့ကြွက်ကောင်ရေနဲ့ခြင်ကောင်ရေတိုးပွားလာခြင်းကမြင့်တက်လာနေပါတယ်။ဒီအချိန်အတွင်းမှာပဲ အေးခဲနေတဲ့ မြေလွှာတွေအောက်က ရောဂါမျိုးစုံဖြစ်ပွားစေနိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေက နိုးထလာနေပြန်ပါသေးတယ်။

ကျောက်ရောဂါ

၂၀၁၆ခုနစ်အတွင်းမှာSiberiaမှာနေတဲ့၁၂နှစ်အရွယ်ကောင်လေးတစ်ယောက် ထောင့်သန်းရောဂါနဲ့သေဆုံးခဲ့ပါတယ်။ အဲ့ဒီထောင့်သန်းရောဂါပိုးဟာ  ရာစုနှစ်ပေါင်းများစွာက ထောင့်သန်းရောဂါနဲ့သေဆုံးခဲ့တဲ့ တောသမင်ဆီက နေ ကူးစက်ခဲ့တာလို့ အများက လက်ခံယုံကြည်ထားကြပါတယ်။ အေးခဲနေတဲ့ ထောင့်သန်းရောဂါပိုးတွေဟာအပူလှိုင်းကြောင့်ပြန်လည်ပုပ်ပွလာတဲ့ တောသမင်အလောင်းကနေလွတ်ထွက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ 

ထိတ်လန့်စရာ အချက်တခုကတော့ အဲ့ဒီလို အသေကောင်တွေကနေ ပြန်လည်ကူးစက်တတ်တဲ့ရောဂါတွေအများအပြားရှိနေတာပါပဲ။ သမိုင်းဝင်ကျောက်ရောဂါနဲ့သေဆုံးခဲ့တဲ့လူတွေဆီက ကျောက်ရောဂါပိုးတွေ၊ ရေခဲခေတ်မတိုင်မီ ဘယ်ကာလဆီက ဘယ်လို့ကပ်ရောဂါနဲ့သေဆုံးခဲ့တယ်မသိဘဲ အေးခဲနေတဲ့ မြေအောက်က အလောင်းကောင်တွေဆီက ရောဂါပိုးမွှားတွေဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ အသက်ပြန်ဝင်လာနိုင်ပါတယ်။

 

၃။ပိုမိုတိမ်းစောင်းလာမယ့် ကမ္ဘာ့ဝင်ရိုး         

ဒါကရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်တွေထဲမှာ ဒီအကျိုးဆက်ကတော့ အထူးခြားဆုံးအကျိုးဆက်ဆိုပေမယ့် သက်ရောက်မှုကြီးကြီးမားမား သိပ်မရှိလှတဲ့ အကျိုးဆက်တခုဖြစ်နိုင်ပါတယ်။၂၀ ရာစုနှစ်လောက်ကတည်းက ကမ္ဘာဝင်ရိုးတွေက၃၄ပေ 

(10.5မီတာ)ရွှေ့လာပြီးဖြစ်ပါတယ်။

ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းနေမှုကိုသရုပ်ဖော်ထားပုံ

လေ့လာမှုတခုမှာတော့ အဲ့ဒီလိုပြောင်းလဲရခြင်းမှာ ရာသီဥတုဖောက်ပြန်မှုက အနည်းဆုံးတော့ တစိတ်တပိုင်းအနေနဲ့ ပါဝင်ပတ်သက်မှုရှိနေမယ်လို့ ဆိုပါတယ်။ Greenland နဲ့အခြားဝင်ရိုးစွန်းဒေသတွေ က ရေခဲချပ်တွေ အရည်ပျော်မှုကြောင့် ကမ္ဘာဂြိုဟ်ရဲ့ ဒြပ်ထုဖြန့်ဝေမှု အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။
အစိုင်အခဲကနေ အရည်အဖြစ်နဲ့ပြောင်းလဲသွားတဲ့ ရေခဲထုတွေကြောင့် ဖြစ်တဲ့ ဒြပ်ထုဖြန့်ဝေမှု အပြောင်းအလဲက ကမ္ဘာ့ရဲ့ လည်ပတ်နေတဲ့ မူလဝင်ရိုးကို အပြောင်းအလဲဖြစ်သွားစေတာဖြစ်ပါတယ်။ လည်ပတ်နေတဲ့ အရာဝတ္ထုတခုဟာ သူ့ရဲ့ပုံသဏ္ဍာန်ပြောင်း သွားတာကြောင့် လည်ပတ်တဲ့ပုံစံပြောင်းသွားတာနဲ့ အလားတူပါပဲ။ ကံကောင်းစွာဖြင့်ဒီပြောင်းလဲမှုကအရမ်းသေးငယ်ပါတယ်။ရာသီဥတုတွေ၊စိုက်ပျိုးရေးတွေနဲ့သွားလာရေးတွေ အပေါ်သက်ရောက်မှုအများကြီးရှိမယ်လို့မမျှော်လင့်ထားပါဘူး။

၄။ပြင်းထန်သောငလျင်များ

ဘယ်လိုလုပ်ပြီးပူနွေးတဲ့လေထုကငလျင်လှုပ်အောင်လုပ်နိုင်မှာလဲ?

၂၀၀၉ ခုနှစ် ထိုင်ဝမ်မှာပြုလုပ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းနဲ့ ငလျင်တွေကို ပူးတွဲလေ့လာတဲ့စစ်တမ်းအရ မုန်တိုင်းတွေကြောင့် ငလျင်တွေဖြစ်ပေါ်နိုင်ပါတယ်။ ကြီးမားပြင်းထန်တဲ့မုန်တိုင်းတွေက လေထုဖိအားလျော့ကျမှုရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒီလိုလေထုဖိအားလျော့ကျမှုက ကမ္ဘာမြေထုချပ်ကြီးတွေကို ပိုမိုလွယ်ကူစွာရွေ့လျားနိုင်ဖို့ အခွင့်အလမ်းပေးပါတယ်။ ငလျင်တွေဆိုတာက ရွေ့လျားနေတဲ့ မြေထုချပ်ကြီးတွေရဲ့ ရုတ်တရတ်ဖိအားကိုလွတ်ချတဲ့ဖြစ်စဉ်ပါပဲ။  မြေထုချပ်ကြီးတွေရဲ့တွန့်ခေါက်ပြတ်ရွေ့ကြောင်းတွေဟာ မောင်းတင်ထားတဲ့ ကြွက်ထောင်ချောက် သို့မဟုတ် ငှက်သုတ်ကိုင်းတွေလိုပဲ ဖိအားတွေနဲ့တင်းမာနေတာဖြစ်ပါတယ်။ ဒီလိုဖိအားတွေကိုမောင်းဖြုတ် လွတ်ထုတ်လိုက်ဖို့ ရာလိုအပ်တဲ့အားပမာဏက တင်စားပြောရရင် လက်ဆွဲနှုတ်ဆက်ရာမှာ လက်တွေကို ဆွဲရမ်းလှုပ်ခါသလောက်အားလေးလောက်နဲ့တင်လုံလောက်ပါတယ်။

မြေထုချပ်ပြတ်ရွေ့ကြောများကို သရုပ်ဖော်ထားပုံ


နောက်တခုက အရည်ပျော်ကျပြီးအလေးချိန်လျော့ကျလာတဲ့ ရေခဲချပ်ကြီးတွေကြောင့် သူတို့နဲ့ဆက်စပ်နေတဲ့ မြေထုချပ်ကြီးတွေမှာ မျှခြေအနေအထားပျက်ယွင်းပြီး ဖိအားတွေမြင့်တက်လာတာလည်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့လည်း သဘာဝငလျင်တွေ အင်အားပိုပြင်းထန်လာတာ ဖြစ်ပွားမှုပိုစိပ်လာတာမျိုးကိုတော့ အခုထိသိသိသာသာမတွေ့ရသေးပါဘူး။

 

၅။မီးတောင်များပိုပေါက်ကွဲခြင်း

 

ဒါကလည်း ရေခဲမြစ်တွေ အရည်ပျော် ပျောက်ကွယ်သွားမှုကြောင့် ဖြစ်ပေါ်လာမယ့်အောက်ခံမြေထုချပ်တွေရဲ့အပြောင်းအလဲနဲ့ဆက်စပ်နေပါတယ်။

ရေခဲမြစ်တွေအရည်ပျော်ကျသွားခြင်းက ကမ္ဘာ့မြေထုချပ်တွေထဲမှာရှိတဲ့ ဟင်းလင်းပေါက်တွေ ဟာကွက်တွေထဲ ကျောက်ရည်ပူတွေစီးဆင်းတဲ့ပုံစံကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ပြီးတော့ မြေထုချပ်တခုက ကျောက်ရေပူပမာဏ ဘယ်လောက်ထိန်းထားနိုင်တယ်ဆိုတဲ့ အပေါ်မှာလည်းသက်ရောက်မှုရှိနေပြန်ပါတယ် လို့ ဘူမိဗေဒပညာရှင်များက ထောက်ပြပြောဆိုထားပါတယ်။

 

Wedgemont ရေခဲမြစ်ကိုတွေ့ရစဉ်

Iceland မှာပြုလုပ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုနဲ့ ရေခဲပြင်ဖုံးလွှမ်းမှုကို နှိုင်းယှဉ်လေ့လာမှုသုတေသနစစ်တမ်းအရရာသီဥတုပူနွေးလာတာနဲ့မီးတောင်ပေါက်ကွဲမှုတွေတိုးလာတာကိုတွေ့ရှိခဲ့ပါတယ်။

မီးတောင်ချော်ရည်နဲ့ ရေခဲမြစ်တွေကို ပူးတွဲတွေ့မြင်နိုင်မယ့် Iceland ရဲ့အလှတရား

အထက်မှာဖော်ပြခဲ့တဲ့ ငလျင်ဖြစ်စဉ်တွေမှာလိုပဲ မီးတောင်လှုပ်ရှားမှုတွေ ပိုတိုးလာတယ်လို့တော့အခုအချိန်အထိပြောရခက်နေပါသေးတယ်။ ဒါပေမယ့် မီးတောင်လှုပ်ရှားမှုတွေပိုဖြစ်လာဖွယ်ရာရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။

#KaungMoonSan

Refs:

https://curiosity.com/topics/5-things-you-didnt-know-climate-change-could-do-curiosity/

Editor: YanAungMoe

 

Sharing is caring