Doppler effect နဲ့ပြန့်ကားနေတဲ့ Galaxy

သင်အနေနဲ့ အချက်ပေးဥသြသံ ဒါမှမဟုတ် ကားဟွန်းသံတွေ မိုးခြိမ်းသံတွေနဲ့ အကျွမ်းတဝင်ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး အသံကတိုးရာကနေ တဖြည်းဖြည်းကျယ်လာတာနဲ့အတူ အသံကမြင့်လာပြီး ရုတ်တရက်ဆိုသလို အသံကပြန်နိမ့်သွားတာနဲ့အတူ တဖြည်းဖြည်းတိုးသွားတာမျိုးကို ကြုံဖူးမှာသေချာပါတယ်။ ကားတစင်း၊ ဆိုင်ကယ်တစင်းက ဟွန်းတီးလာရင်းဘေးနားကဖြတ်သွားတဲ့အခါမှာ “ဝီး…ဝေါ…”ဆိုပြီးကြားလိုက်ရတာမျိုးပေါ့။ နမူနာအနေနဲ့ Video ထဲမှာကြည့်ရှုနိုင်ပါတယ်။
ကားက ဘေးကဖြတ်သွားတာနဲ့အတူတူ ဟွန်းသံက ပြောင်းလဲသွားတာကို နားထောင်ကြည့်နိုင်ပါတယ်
ထိုသို့အသံပြောင်းလဲမှုကို Doppler effect လို့ခေါ်ပါတယ်။ အဲ့ဒီဖြစ်စဉ်က လူသားတွေဘဝထဲကနေ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံး အချက်၁ခုလည်း ဖြစ်ပါတယ် ။

Doppler effect ကဘယ်လိုအလုပ်လုပ်လဲ?

အောက်ကသရုပ်ဖေါ်ပုံကိုကြည့်လိုက်ပါ။ မြင်ရတဲ့အတိုင်း လှိုင်းရဲ့ Source (စက်ဝိုင်းတွေရဲ့ ဗဟို) က Origin ကနေ အပေါင်း 4 (+4) လောက်ဆီကိုရွေ့သွားတာကို မြင်ရမှာဖြစ်ပါတယ်။ လှိုင်းရဲ့အစိပ်အကျဲက လှိုင်း Source သွားရာဦးတည်ဘက်ကိုလိုက်ပြီး ကွဲပြားသွားပါတယ်။ သင့်ကိုယ်သင် ရေပြင်ညီအလျားလိုက်ဝင်ရိုး (X-axis) ရဲ့အပေါင်း 2 (+2) နေရာမှာရပ်နေတယ်ဆိုပါစို့။ အဲ့ဒီကျရင် သင်လက်ခံရရှိတဲ့ လှိုင်းတွေဟာ လှိုင်းရဲ့ Source က အမှတ် ( +2) ကိုမဖြတ်ကျော်ခင်မှာ စိပ်နေပြီး လှိုင်းရဲ့ Source က အမှတ် ( +2) ကိုဖြတ်ကျော်ပြီးချိန်မှာ ကျဲသွားပါလိမ့်မယ်။ ရူပဗေဒသဘောတရားအရ လှိုင်းတွေစိပ်တယ်ဆိုတာ Frequency မြင့်တာကိုဆိုလိုပြီး၊ လှိုင်းတွေကျဲပါးတယ်ဆိုတာက Frequency နိမ့်တာကိုဆိုလိုတာပါ။ လှိုင်းရဲ့ Source က ကိန်းသေ Frequency ကိုထုတ်လွှတ်ပေမယ့် သူ့ရဲ့ရွေ့လျားမှုကြောင့် ဦးတည်ရာကိုလိုက်ပြီး Frequency အနိမ့်အမြင့်ပြောင်းလဲသွားရခြင်း ဖြစ်ပါတယ်။

Doppler effect ကိုသရုပ်ဖော်ပြသထားခြင်း
Doppler effect ဟာ ယနေ့ခေတ်နည်းပညာပစ္စည်းအများစုရဲ့သော့ချက်လည်းဖြစ်ပါတယ်။

Doppler effectကိုဘယ်မှာသုံးလဲ?

Radar ကိရိယာတွေမှာ ရွေ့လျားနေတဲ့အရာတွေရဲ့အလျင်ကို ဖမ်းယူတဲ့အခါမှာ ဒီဖြစ်စဉ်ကိုသုံးကြပါတယ်။ ဂြိုလ်တုကိုသုံးပြီး ကမ္ဘာမြေပုံကိုဖမ်းယူတဲ့အခါမှာလည်း သုံးပါတယ်။ ဆရာဝန်များ ရောဂါရှာဖွေတဲ့နေရာ၊ ပြွန်များသုံး၍ ရောဂါရှာဖွေသောနေရာတွင်လည်းDoppler effectကို အသုံးပြုကြပါတယ်။

အဲ့ဒီတော့ စကြဝဠာကြီးနဲ့ ဘယ်လိုပတ်သက်တာလဲ

ရေအိုင်ငယ်ထဲကလှိုင်းတွေ အသံလှိုင်းတွေနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့ အလင်းလှိုင်းတွေ စတဲ့ လှိုင်းတွေအကုန်လုံးအပေါ်မှာ Doppler effect ကဖြစ်ပွားနိုင်ပါတယ်။ အလင်းလှိုင်းတွေရဲ့သဘောတရားအရ frequency အပြောင်းအလဲဖြစ်တဲ့အခါ အရောင်ပြောင်းလဲပါတယ်။ အဲ့ဒီရောင်စဉ်တန်းကို မြင်နိုင်တဲ့အစိတ်အပိုင်းထဲမှာဆိုရင် အနီရောင်မှာအနိမ့်ဆုံး frequencyရှိပြီး အပြာရောင်မှာတော့ အမြင့်ဆုံးfrequencyရှိပါတယ်။ အာကာသထဲမှာ အရာဝတ္ထုတွေက ကမ္ဘာနဲ့ဝေးရာကိုရွေ့သွားပြီဆိုရင် သူတို့ဆီက လာတဲ့ အလင်းလှိုင်းတွေကလည်း အနီရောင်ဘက်သန်းသွားပါတယ်။ ဒီလိုဖြစ်စဉ်မျိုးကို သိပ္ပံပညာရှင်တွေက အနီရွေ့ (Redshifted) လို့ခေါ်ပါတယ်။
အလှမ်းကွာဝေးတဲ့ ကြယ်စု ဂလက်ဆီတွေရဲ့ အလင်းအနီရွေ့ (Redshift) တွေက သိပ္ပံပညာရှင်တွေအတွက် ဒီကြယ်စုတွေ ဘယ်လောက်အမြန်နှုန်းနဲ့ ရွေ့နေကြလဲဆိုတာကို ခန့်မှန်းနိုင်စေပါတယ်။ တွေ့ရှိချက်တွေအရ ကမ္ဘာနဲ့ပိုဝေးတဲ့အရပ်မှာရှိတဲ့ ကြယ်စု ဂလက်ဆီတွေက ကမ္ဘာနဲ့ဝေးရာကို ပိုပြီး မြန်မြန်ရွေ့လျား ထွက်ခွာနေပါတယ်။ ဒီအချက်ပေါ်မူတည်ပြီး စကြဝဠာကြီးဟာ ရိုးရိုးပြန့်ကားနေရုံတင်မကဘဲ အရှိန်နဲ့ပါပြန့်ကားနေတယ်လို့ ကောက်ချက်ဆွဲထားကြခြင်းဖြစ်ပါတယ်။ ပြောချင်တာကတော့ အချိန်နဲ့အမျှပြန့်ကားတဲ့အလျင်ကလည်းပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။ တကယ်လို့ ဒါကသင့်အတွက် သိပ်မထူးဆန်းသေးဘူးဆိုရင် ပိုထူးဆန်းတာက အဲ့ဒိလိုပြန့်ကားတဲ့ အရှိန်တွေက စကြဝဠာကြီးရဲ့နေရာဒေသကိုလိုက်ပြီး ကွဲပြားမှုတွေရှိနေသေးတယ်ဆိုတဲ့အချက်ပါ။

ဒါကြောင့်နောက်၁ကြိမ် အချက်ပေးဥသြ သံကိုကြားခဲ့လျှင် ထိုအရာသည်သီးခြားမဟုတ်ပဲ ရူပဗေဒရဲ့အခြေခံသဘောတရားဖြစ်ပြီး အရာရာတိုင်းက နေရာနဲ့ အချိန်ပေါ်မှာအသုံးဝင်တဲ့အကြောင်း သင်သတိရလိုက်ပါ။

ယခုဆောင်းပါးကို ဤ Link မှ အဓိကမှီငြမ်းတင်ဆက်ပါသည်။

#WarWarNaing

Sharing is caring