ပလပ်စတစ်အမှိုက်ဖျက်သိမ်းနည်းများ

မြန်မာနိုင်ငံမှာ ပလပ်စတစ်အမှိုက်တွေနဲ့ပတ်သက်ပြီး #Cleanup Challenge တွေအရှိန်အဟုန်မြင့်လုပ်ဆောင်နေတာ အားရကြေနပ်ဖွယ်တွေ့ရှိရပါတယ်။ ဒါပေမယ့် ဒီလို စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းတွေကို သိမ်းဆည်းထုပ်ပိုးပြီးတဲ့အခါမှာ ဘယ်လိုဖျက်သိမ်းကြသလဲဆိုတာက အရေးကြီးတဲ့ ကိစ္စရပ်တခုပါပဲ။
ဒီနေ့ Post ကတော့ ပလပ်စတစ်အမှိုက်တွေ ကိုသိမ်းဆည်းဖျက်ဆီးရာမှာ အဓိကကျအသုံးများတဲ့ နည်းလမ်း လေးမျိုးအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်းလေးခုကတော့
• မြေမြုပ်ပစ်ခြင်း(Landfilling)
• လောင်စာအဖြစ်မီးရှို့ခြင်း(Incineration)
• ပြန်လည်သန့်စင်အသုံးပြုခြင်း(Recycling) နှင့်
• ဇီဝနည်းဖြင့်ဆွေးမြေ့စေခြင်း(Biodegradation)
တို့ဖြစ်ပါတယ်။

မြေမြုပ်ပစ်ခြင်း (Landfilling)

ဘယ်လိုပလပ်စတစ်အမှိုက်မျိုးကိုမဆို ချိုင့်ဝှမ်းနေရာတွေကို ကုန်းမြေအဖြစ်မြင့်တက်လာအောင် ဖို့ရာမှာသုံးနိုင်ပါတယ်။ ဒါပေမဲ့ ပလပ်စတစ်အမှိုက်တွေကို ဒီလို မြေမြုပ်ပစ်တာက မြေမြုပ်စရာနေရာအကျယ်ကြီးလိုတာရယ်၊ ပလပ်စတစ်ထဲမှာပါတဲ့ လောင်စာစွမ်းအင်တွေ အချည်းနှီး ဖြစ်ကုန်တာရယ်ကြောင့် ဖြုန်းတီးရာကျတယ်လို့ သတ်မှတ်ပါတယ်။ 2008 ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာ ပလပ်စတစ်တန်ချိန်ပေါင်း ၂၉.၂ သန်းကို မြေမြုပ်ပစ်ခဲ့ပါတယ်။ ပလပ်စတစ်အမှိုက်တွေကို စနစ်တကျမြေမမြုပ်တဲ့နိုင်ငံတွေမှာတော့ ပလပ်စတစ်စတွေဟာ လေနဲ့အတူလွင့်ပါပြီး နီးစပ်ရာရေမြောင်းတွေကနေတဆင့် ပင်လယ်ထဲကိုရောက်သွားလေ့ရှိပါတယ်။ နောက်ထပ်ဆိုးကျိုးတခုကတော့ ပလပ်စတစ်အမှိုက်တွေကိုမြေမြုပ်လိုက်တဲ့အခါမှာ အဲ့ဒိအမှိုက်တွေကနေ phthalates နှင့် bisphenol A ကဲ့သို့သော ညစ်ညမ်းဓါတုပစ္စည်းတွေက ပတ်ဝန်းကျင် မြေသားထဲကို စိမ့်ဝင်သွားနိုင်ပါတယ်။

https://www.hazardouswasteexperts.com/landfills-an-unsustainable-form-of-waste-management/

လောင်စာအဖြစ်မီးရှို့ခြင်း(Incineration)

ပလပ်စတစ်တွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကနေ ထုတ်လုပ်ရယူထားတာဖြစ်တဲ့အတွက်ကြောင့် ပလပ်စတစ်အမှိုက်တွေဟာ တခြားဘယ်အမှိုက်ထက်မဆို လောင်ကျွမ်းနိုင်တဲ့စွမ်းအင်ပမာဏ ပိုမြင့်မားပါတယ်။ ပလပ်စတစ်အမှိုက်တွေကို လောင်စာအဖြစ်မီးရှို့ခြင်းကနေ စွမ်းအင်ပြန်လည်ရရှိနိုင်ပါတယ်။ ပလပ်စတစ်တပေါင်မှာသိုလှောင်ပါဝင်တဲ့လောင်စာစွမ်းအင်ပမာဏဟာ မီးသွေး တပေါင်မှာပါဝင်တဲ့ လောင်စာစွမ်းအင်ပမာဏနဲ့အတူတူပါပဲ။ သို့ပေမဲ့ ပလပ်စတစ်တွေကိုလောင်စာအဖြစ်မီးရှို့ပစ်တာကလည်း လေထုထဲကို ညစ်ညမ်းဓာတု ပစ္စည်းတွေ ထုတ်လွတ်နိုင်တာမို့ ပတ်ဝန်းကျင်နဲ့လေထုအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် PVC နဲ့ ဟေလိုဂျင်ဒြပ်နှော တွေပါဝင်တဲ့ ပလပ်စတစ်အမှိုက်တွေကိုမီးရှို့တဲ့အခါမှာ Dioxins နဲ့ Polychlorinated-biphenyls ကဲ့သို့သော အဆိပ်ငွေ့တွေကို ထုတ်လွတ်ပါတယ်။

https://www.erosionpollution.com/incinerator-system-for-industrial-waste.html

ပြန်လည်သန့်စင်အသုံးပြုခြင်း(Recycling)

ပလပ်စတစ်ထုတ်ကုန်အတော်များများက ပြန်လည်သန့်စင်အသုံးပြုလို့ရနိုင်ပါတယ်။ ဒါပေမဲ့လည်း ပြန်လည်သန့်စင်အသုံးပြုမှုက အားရဖွယ်ကောင်းလောက်အောင်မတွင်ကျယ်သေးပါဘူး။ အကြောင်းအရင်းကတော့ ပလပ်စတစ်အမှိုက်တွေကို သီးသန့်စုယူရဖို့ ခက်ခဲတာရယ်၊ ပလပ်စတစ်အမှိုက်မျိုးကွဲတွေကို အမျိုးအစားအလိုက် ခွဲခြားစုဆောင်းဖို့ခက်တာရယ်ကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများ (အချို့သောဖွံ့ဖြိုးပြီးနိုင်ငံများအပါအဝင်) မှာ စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး စနစ်ကျတဲ့ ထိန်းချုပ်ကွပ်ကဲမှုအစီအစဉ်တွေမရှိတာကြောင့် ပလပ်စတစ်အမှိုက်တွေဟာ မြစ်ချောင်းအင်းအိုင်တွေထဲကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းခံရပါတယ်။ ပြန်လည်သန့်စင်အသုံးပြုခြင်းဟာ ပလပ်စတစ်အမှိုက်တွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အသင့်လျော်ဆုံးနည်းဗျူဟာတခုဖြစ်ပေမဲ့ ထိရောက်မှုပမာဏက လူထုရဲ့ အလေးထားအာရုံစိုက်မှု၊ စီးပွားရေးအရတွက်ခြေကိုက်မှု နဲ့ လူထုစီမံခန့်ခွဲမှု အဆောက်အအုံ (အမှိုက်ပုံးများ၊ သီးသန့်အမှိုက်သိမ်းယဉ်များ) လုပ်ငန်းစဉ်တွေကိုဖော်ဆောင်နိုင်မှုအပေါ်မှာ များစွာ မှီခို မူတည်ပါတယ်။

http://www.polychem-usa.com/plastic-waste-recycling-continues-grow/

ဇီဝနည်းဖြင့်ဆွေးမြေ့စေခြင်း(Biodegradable Plastics)

ဇီဝနည်းနဲ့သဘာဝအတိုင်းဆွေးမြေ့နိုင်တဲ့ ပလပ်စတစ်တွေလည်းသုတေသနပြုထွက်ရှိနေပြီးဖြစ်ပါတယ်။ ဒီဇီဝနည်းပညာသုံး ပလပ်စတစ်တွေက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရာမှာ ( အထူးသဖြင့် မီးဖိုချောင်အမှိုက်တွေလို ဆွေးမြေ့လွယ်တဲ့ သဘာဝအမှိုက်တွေကိုထုပ်ပိုးရာမှာ သုံးတဲ့အမှိုက်အိတ်တွေ ထုတ်လုပ်အသုံးချမှုများ) အလားအလာကောင်း တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ သုတေသနပြုရရှိထားတဲ့လက်ရှိနည်းပညာတွေအရ ဇီဝနည်းနဲ့အလိုအလျောက်ဆွေးမြေ့နိုင်တဲ့ ပလပ်စတစ်အိတ်တွေက ခြောက်ပစ်ကင်းသဲလဲစင်တော့မဟုတ်သေးပြန်ပါဘူး။ Oxo-Biodegradable plastics တွေက ဆွေးမြေ့သွားတဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေတွေကိုထုတ်လွတ်မှာဖြစ်ပြီး ၊ အပိုဆောင်းအနေနဲ့ သတ္တုဓာတ်တွေကို သဘာဝပတ်ဝန်းကျင်ထဲထုတ်လွတ်ကြောင်း တွေ့ရှိထားပါတယ်။

http://vietnampolybag.com/biodegradable-plastics-better-environment.html
နောက်ထပ် အမှိုက်တွေနဲ့ပတ်သက်ပြီး အလျဉ်းသင့်သလို သိပ္ပံနဲ့နည်းပညာရှုထောင့်ကနေဆွေးနွေးတင်ပြသွားပါမယ်။
#CleanUp Challange ကိုလက်ခံလုပ်ဆောင်သူများအနေနဲ့ မိမိတို့ရဲ့ လုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို Clean Myanmar Page (https://www.facebook.com/cleanmyanmar.mm/) သို့ပေးပို့ပြီး အမှတ်တရလက်ဆောင်များရယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မှီငြမ်း
Hopewell, J., Dvorak, R., & Kosior, E. (2009). Plastics recycling: challenges and opportunities. Philosophical Transactions of the Royal Society B: Biological Sciences, 364(1526), 2115-2126.
North, E. J., & Halden, R. U. (2013). Plastics and Environmental Health: The Road Ahead. Reviews on Environmental Health, 28(1), 1–8.
Sharing is caring