ဆွေးမြေ့ခြင်းအနုပညာ

တိုးတက်လာတဲ့လူနေမှုစနစ်ထဲမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာပျက်စီးဆုတ်ယုတ်ခြင်းရဲ့ သရုပ်သကန်လို့ပဲမှတ်ယူပြီး ဆိုးကျိုးတခုအနေနဲ့ထင်မှတ်လေ့ရှိပါတယ်။
ပုပ်တယ်ဆိုတာနဲ့အနံ့အသက်ဆိုးဆိုးရွားရွားတွေထွက်လာပြီး ဒါဟာသေကြေပျက်စီးခြင်းရဲ့ နိမိတ်တခုဖြစ်တာမို့၊ မြို့ပြပတ်ဝန်းကျင်က ယိုယွင်းပျက်စီးမှုတွေကနေပြီး တကိုယ်ရေတကာယ သွားပိုးစားတဲ့အခေါင်းပေါက်ကလေးထဲက အနံ့ဆိုးတွေအထိ ဆွေးမြေ့ခြင်းဟာ အမင်္ဂလာ အရာတခုလိုမှတ်ယူကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ပုပ်သိုးဆွေးမြေ့ခြင်းဟာ သဘာဝတရားကြီးပုံမှန်လည်ပတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဇီဝဖြစ်စဉ်တခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကနေပြီးတော့ပဲ အဟောင်းတွေကို အသစ်ပြန်ဖြစ်စေတာပါ။
ကျွန်တော်တို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်မှာ ပြိုကွဲပျက်စီးဆွေးမြေ့ခြင်းဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေနဲ့ အညမည ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ ဆက်သွယ်မှုရှိပါတယ်။ အပင်တွေနဲ့သတ္တဝါတွေဟာ သေဆုံးသွားပြီးတဲ့နောက် ပုပ်သိုးဆွေးမြေ့ခြင်းမရှိဘူးဆိုရင် ကမ္ဘာကြီးက ဇီဝရုပ်ကြွင်းတွေ (သစ်ပင်ခြောက်ကြီးတွေ၊ အလောင်းကောင်တွေ) နဲ့ပြည့်နှက်လာပြီး နောက်ထပ်အသစ်အသစ်တွေ ဖွံ့ဖြိုးဖို့အတွက် အရင်းအမြစ်တွေ ပြတ်တောက်သွားတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကြီးက ခြောက်ကပ်ရပ်တန့်သွားမှာဖြစ်ပါတယ်။

ပြိုကွဲဆွေးမြေ့တယ်ဆိုတာဘာလဲ

ဆွေးမြေ့တယ်ဆိုတာက သက်ရှိအစိတ်အပိုင်းတခုဖြစ်လာအောင်ပါဝင်တည်ဆောက်ထားတဲ့အာဟာရဓာတ်တွေကို အဲ့ဒီသက်ရှိအစိတ်အပိုင်း သေဆုံးသွားပြီးတဲ့နောက်မှာ နောက်ထပ်အသစ်တဖန် ပြန်လည်အသုံးပြုနိုင်ဖို့ Recycling ဖြစ်စဉ်ရဲ့ ပထမ အဆင့်ပါပဲ။ ဆွေးမြေ့ခြင်းဖြစ်စဉ်ဟာ သေဆုံးသွားတဲ့ ဇီဝပစ္စည်းတွေကို သဘာဝပတ်ဝန်းကျင်ရဲ့ ပိုမိုရိုးရှင်းအခြေခံကျတဲ့ အနုဇီဝသက်ရှိတွေက စားသုံးနိုင်တဲ့ပုံစံဖြစ်သွားအောင် ပြောင်းလဲပေးတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဇီဝပစ္စည်းတွေဆွေးမြေ့မှုအတွက် အဓိကဆောင်ရွက်ပေးပြီး အဲ့ဒီလို ဆောင်ရွက်မှုကနေ ရရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို စားသုံးရှင်သန်တဲ့ အရာတွေကို Detritivores တွေလို့ခေါ်ပါတယ်။ Dentritivoresတွေကို “ပုပ်သိုးဆွေးမြေ့နေတဲ့အရာတွေကိုစားသောက်တဲ့အရာတွေ”လို့ဖွင့်ဆိုနိုင်ပါတယ်။ Detritivores မျိုးစိပ်အတော်များများဟာ ပုပ်သိုးဆွေးမြေ့မှုဖြစ်စဉ်တွေမှာ တခုနဲ့တခုရှေ့ဆင့်နောက်ဆင့်ဖြစ်စေ အပြိုင်ဖြစ်စေပါဝင်ဆောင်ရွက်ကြပါတယ်။ ဒီလိုပုပ်ဆွေးမှုဖြစ်စဉ်အဆင့်ဆင့်မှာ သူ့ကဏ္ဍနဲ့သူပါဝင်ပတ်သက်နေတဲ့ Detritivores အစုအဖွဲ့တခုလုံးကို Detritivore Community တခုလို့သတ်မှတ်ပါတယ်။

သဘာဝရဲ့အသစ်ဖန်တီးတတ်တဲ့အသံတိတ်သူရဲကောင်း

သဘာဝပတ်ဝန်းကျင်ကအရာဝတ္ထုတော်တော်များများဟာ မသိမသာနဲ့တဖြည်းဖြည်း ဆွေးမြေ့မှုဖြစ်စဉ်ထဲမှာသံသရာလည်နေလေ့ရှိပါတယ်။ တခါတလေဒီလိုဆွေးမြေ့တဲ့ဖြစ်စဉ်တွေက လူတွေအတွက် ရွံရှာဖွယ်ဖြစ်နေတတ်ပါတယ်။ Detritivore Community ထဲမှာဆိုရင် နောက်ချေးပိုးကောင်၊ ယင်ကောင်၊ လောက်ကောင်၊ မှို၊ တီကောင်၊ ပက်ကျိ၊ ခရု၊ ရေညှိ၊ ဘက်တီးရီးယား၊ သစ်ပိုးကောင်၊ ရထားပိုးကောင် စတဲ့ လူတော်တော်များများ ထိဖို့လက်တွန့်သွားစေမယ့်အကောင်တွေပါဝင်ပါတယ်။ သူတို့တော်တော်များများက လူမမြင်ကွယ်ရာမှာ အလုပ်လုပ်ကြပါတယ်။ ပြီးတော့ သူတို့ ဟာအရွယ်အစားအားဖြင့်လည်းသေးငယ်ကြသလို အလုပ်လုပ်တာကလည်း ဖြည်းဖြည်းမှန်မှန် လတွေနှစ်တွေချီပြီးတော့ နှေးနှေးကွေးကွေးပါ။ ဒါပေမယ့် တောတောင်ရေမြေသဘာဝမှာတော့ သူတို့က ဂေဟစနစ်ကြီးလည်ပတ်နေဖို့အတွက် အသံတိတ်အလုပ်လုပ်ပေးနေကြတဲ့ သူရဲကောင်းတွေလို့တင်စားပြောဆိုနိုင်ပါတယ်။ သူတို့ဟာစုပေါင်းအင်အားနဲ့ သေဆုံးပြီးသား အပင်တွေ၊သတ္တဝါတွေကို နောက်တဖန် ဂေဟစနစ်ထဲ သွေးသစ်လောင်းပါဝင်နိုင်ဖို့ သူတို့ကိုယ်တိုင်ရဲ့စားစရာအဖြစ်သို့လည်းကောင်း၊ တခြားသက်ရှိတွေစားလို့ရတဲ့ပုံစံအဖြစ်သို့လည်းကောင်းပြောင်းလဲပေးပါတယ်။

အပင်များရဲ့ဆွေးမြေ့ခြင်းဖြစ်စဉ်

သေဆုံးသွားတဲ့အပင်တွေကို အဓိကဆွေးမြေ့စေတဲ့ Detritivores တွေကတော့ မှို(fungi)တွေပဲဖြစ်ပါတယ်။ မျိုးဆက်ပြန့်ပွားရေးတာဝန်တွေပြီးဆုံးချိန် ခြုံပင်၊ နွယ်ပင် တွေကကြွေကျသွားတဲ့ သစ်ရွက်တွေဟာ မြေပြင်ပေါ်မှာ အရွက်ကြွေလွှာတခုဖြစ်လာပါတယ်။ အဲ့ဒီ့ရွက်ကြွေလွှာတွေကိုအချိန်တန်တဲ့အခါမှာ မှိုဖြူမျှင်တွေကသိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီဖြူဖြူအမျှင် (မှိုမျှင်) တွေက မှိုတွေရဲ့ အဓိကပင်စည်အစိတ်အပိုင်းဖြစ်ပါတယ်။ မှိုအဖွဲ့အစည်းတခုလုံးမှာ ထီးလိုဖူးပွင့်လာတဲ့ မှိုပွင့်တွေဆိုတာက မှိုအဖ သစ်ပင်တွေနဲ့နှိုင်းယှဉ်ပြောရမယ်ဆိုရင် အသီးတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဲ့ဒီမှိုမျှင်တွေက သူတို့အသက်ရှင်ရပ်တည်မျိုးပွားနိုင်ဖို့ သစ်ရွက်တွေဆီကနေအာဟာရတွေကိုရယူပြီး၊တပြိုင်နက်တည်းမှာပဲ အဲ့ဒီ့သစ်ရွက်တွေရဲ့ အတွင်းပိုင်း မော်လီကျူးတည်ဆောက်ပုံတွေကို ဖြိုချဖျက်ဆီးပါတယ်။ ဒီလို သစ်ရွက်တွေကို ဖြိုဖျက်ရာမှာ ဘက်တီးရီးယားတွေ၊ ကျောရိုးမဲ့ သတ္တဝါတွေဖြစ်တဲ့ ခရု၊ပက်ကျိတွေ၊ မြေတူးကောင်တွေ၊ တီကောင်တွေကပါ ပူးပေါင်းပါဝင်လာကြပါတယ်။
ဒီဆွေးမြေ့မှုဖြစ်စဉ်တွေက အနံ့အသက်ကင်းမဲ့ပြီး၊ လေနဲ့ထိတွေ့တဲ့နေရာတွေမှာဖြစ်ပွားပါတယ်။ တောတောင်ရေမြေသဘာဝထဲမှာဆိုရင်တော့ ဒီဖြစ်စဉ်က နေရာတနေရာကနေ တနေရာရွေ့လျားဖြန့်ကျက်ပြီး အချိန်မှန်ဖြစ်ပေါ်လေ့ရှိပါတယ်။ သစ်ရွက်ခြောက်တွေကို စုပုံထားလိုက်ရင်အပူချိန်ပါတက်လာတဲ့အတွက်ကြောင့် ဒီဖြစ်စဉ်ဟာမြန်မြန်ဆန်ဆန်ဖြစ်ပွားနိုင်မှာဖြစ်ပါတယ်။
ဒီလိုသေဆုံးပြီးသား အပင်တွေ၊အရွက်တွေကို စားသုံးပျံ့နှံတဲ့ မှိုအမျိုးအစားတွေကို သစ်ရွက်ဆွေးမှို (Saprotrophic fungi) တွေလို့ခေါ်ပါတယ်။ သူတို့ကို သစ်ရွက်ဆွေး၊အပင်ဆွေးတွေမှာ မြင်တွေ့ရလေ့ရှိပါတယ်။
တောတောင်ထဲမှာဆိုရင်တော့ ဒီလိုဆွေးမြေ့တဲ့ဖြစ်စဉ် အမြန်နှုန်းက ဆွေးမြေ့တဲ့အပင်အမျိုးအစား၊အစိတ်အပိုင်းအပေါ် မှာမူတည်ပါတယ်။ သစ်ရွက်ကြွေတွေ၊ ကိုင်းဖြားကိုင်းနားအစတွေ၊ သစ်ပင်အခေါက်ပွတွေက သစ်တော့ကြမ်းပြင်ကိုကျပြီးတာနဲ့ တနှစ်အတွင်း အပြည့်အဝဆွေးမြေ့သွားနိုင်ပါတယ်။ ကျစ်လစ်ခိုင်ခန့်တဲ့ သစ်ကိုင်းလို သစ်ပင်ပင်စည်လို့ အရာမျိုးတွေအတွက်တော့ လုံးဝဆွေးမြေ့သွားဖို့ရာ နှစ်တွေအများကြီးကြာနိုင်ပါတယ်။ ဆွေးမြေ့မှုအမြန်နှုန်းဟာ စိုထိုင်းဆ ပမာဏပေါ်မှာလည်းမူတည်ပါတယ်။ ပုံမှန်အားဖြင့် စိုထိုင်းဆမြင့်လေလေ ဆွေးမြေ့တာ မြန်လေလေပါပဲ။ ခြောက်သွေ့တဲ့ ရေမြေရာသီဥတုမှာဆိုရင်တော့ တီကောင်၊ မှို၊ ပက်ကျိတွေရဲ့ လှုပ်ရှားမှုတွေကနှေးကွေးသွားတဲ့အတွက်ကြောင့် ဆွေးမြေ့မှုဖြစ်စဉ်က ကြာရှည်တတ်ပါတယ်။

သစ်ပင်များရဲ့ဆွေးမြေ့ခြင်းဖြစ်စဉ်

ခြုံနွယ်ပိတ်ပေါင်းတွေရဲ့ နူးညံ့တဲ့ တစ်သျှူးစတွေနဲ့ ယှဉ်လိုက်ရင် သစ်ပင်တွေရဲ့ သစ်သားတွေက ပိုမိုမာထန်ပြီး ဆွေးမြေ့ဖို့ခက်ခဲတာ ငြင်းဖွယ်ရာမရှိပါဘူး။ ဒီသေဆုံးပြီးသစ်မာအမျိုးအစားတွေအတွက်လည်း မှိုတွေကဆွေးမြေ့မှုဖြစ်စဉ်မှာ ပထမဆုံးဇာတ်ဆောင်ပါပဲ။ Wet rot fungus မှို(Coniophora puteana) နဲ့ jelly rot fungus မှို(Phlebia tremellosa) တွေက အတွေ့ရများလေ့ရှိပါတယ်။ သူတို့ရဲ့မှိုမျှင်တွေက သေဆုံးပြီး သစ်သားတွေထဲကိုစိမ့်ဝင်သွားပြီး အခြားသော ဘက်တီးရီးယားတွေ၊ သစ်ပိုးလောက်ကောင်တွေ အတွက် သစ်မာသားထဲဖောက်ထွင်းဝင်ရောက်ဖို့ပိုမိုလွယ်ကူလာပါတော့တယ်။ ဒီမှိုတွေဟာ သေဆုံးပြီးအပင်နဲ့အရွက်တွေမှာပါဝင်တဲ့ Cellulose နဲ့ Lignin တွေကိုအဓိကစားသုံးပြီး အဲ့ဒီအပင်နဲ့အရွက်တွေကိုပိုမိုပျော့ပြောင်းသွားစေပါတယ်။ ပြီးနောက် အဲ့ဒီ မှိုအစုအဖွဲ့ကိုယ်တိုင်က သက်တမ်းကုန်လို့သေဆုံးသွားတဲ့အခါမှာ အားလုံးက ဆွေးမြေ့သွားပါတော့တယ်။ တခြားသော slime mould မျိုးကွဲပေါင်းများစွာဟာလည်း သစ်တုံးတွေထဲဝင်ရောက်ပေါက်ပွားနိုင်ပြီး ဆွေးမြေ့မှုဖြစ်စဉ်မှာပါဝင်လေ့ရှိပါတယ်။ သူတို့ကိုလည်း ပျံ့နှံ့နေချိန်မှာမမြင်နိုင်ဘဲ အသီးအပွင့်တွေပွင့်တဲ့အခါမှ မှိုပွင့်တွေကို မြင်ရတာမျိုးဖြစ်ပါတယ်။ သင့်အိမ်မှာသိမ်းထားတဲ့ စားသောက်စရာတခုခု (ဥပမာ ကြက်သားကြော်တုံး၊ ပါမုန့်ချောင်း) က မှိုမဲမဲတွေတွေ့တဲ့အခါ အဲ့ဒီအပိုင်းလေးပဲဖယ်ပြီး ကျန်တာကို အန္တရာယ်ကင်းကင်း စားလို့ရလိမ့်မယ်လို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ အဲ့ဒီမြင်နေရတဲ့ မဲမဲအပိုင်းက အသီးအပွင့်မျှသာဖြစ်ပြီး မှိုမျှင်တွေက စားစရာတခုလုံးကို ပျံ့နှံ့နေပြီးဖြစ်တယ်ဆိုတာကိုနားလည်ထားရပါမယ်။
သစ်တုံးတခုမှာ သစ်ပိုးတွေကြောင့်ဖြစ်တဲ့ ပိုးပေါက်တွေနဲ့ပြည့်နှက်လာတဲ့အခါ၊ လေထုထဲကအတူပါလာတဲ့ ရေငွေ့တွေဝင်ရလွယ်ကူသွားပြီး ဆွေးမြေ့မှုဖြစ်စဉ်နောက်တဆင့်ကို ဝင်ရောက်လာပါတယ်။ ကျောရိုးမဲ့သတ္တဝါတွေဖြစ်တဲ့ သစ်ပိုးကောင် (woodlice), မီးရထားကောင် (millipedes)တွေက အဲ့ဒိသစ်ဆွေးစတွေကို စားသုံးပါတယ်။ နောက်ထပ် ယင်ကြီးကောင်တွေ robber flies၊ နဂျယ်ကောင်တွေ ( ichneumon wasp) တွေရောက်ရှိလာပြီး သစ်ပိုးကောင်တွေ၊ မီးရထားကောင်တွေကို ထပ်မံအမဲလိုက်စားသုံးကြပြန်ပါတယ်။ ဒီလိုနဲ့သစ်တုံးတွေက နှစ်အနည်းငယ်အတွင်း လုံးလုံးလျားလျားမြေဆွေးမှုန်ဖြစ်သွားနိုင်ပါတယ်။ တီကောင်တွေ(earthworm) ၊ မြေတူးကောင်တွေ(springtails) တွေကိုဒီအဆင့်မှာမြင်တွေ့နိုင်ပါပြီ။
သင့်အိမ်မှာသိမ်းထားတဲ့ စားသောက်စရာတခုခု (ဥပမာ ကြက်သားကြော်တုံး၊ ပါမုန့်ချောင်း) က မှိုမဲမဲတွေတွေ့တဲ့အခါ အဲ့ဒီအပိုင်းလေးပဲဖယ်ပြီး ကျန်တာကို အန္တရာယ်ကင်းကင်း စားလို့ရလိမ့်မယ်လို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ အဲ့ဒီမြင်နေရတဲ့ မဲမဲအပိုင်းက အသီးအပွင့်မျှသာဖြစ်ပြီး မှိုမျှင်တွေက စားစရာတခုလုံးကို ပျံ့နှံ့နေပြီးဖြစ်တယ်ဆိုတာကိုနားလည်ထားရပါမယ်။

မှိုကိုစားတဲ့မှို

မှိုအများစုက နူးညံ့တဲ့ အသားစတွေနဲ့တည်ဆောက်ထားကြပြီး ရေဓာတ်အချိုးအစားများများပါဝင်တာကြောင့်၊သူတို့ရဲ့မျိုးပွား Spoe အမှုန်တွေထုတ်လွတ်ပြီးချိန် သက်တမ်းကုန်ဆုံးသွားတဲ့အခါမှာ ရက်အနည်းငယ်အတွင်းဆွေးမြေ့သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခြားမာထန်တဲ့ အသားစတွေရှိတဲ့မှိုအမျိုးအစားတွေလည်းရှိပြီး သူတို့အနေနဲ့ဆွေးမြေ့ဖို့ရာ နှစ်တွေနဲ့ချီပြီးကြာနိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့ကိုအချိန်တိုတိုအတွင်းဆွေးမြေ့သွားအောင်ကူညီနိုင်တဲ့ မှိုမုဆိုးတွေလည်းရှိနေပါသေးတယ်။ ဥပမာပြောရရင် black tinder fungus beetle နဲ့ forked fungus beetle တွေရဲ့သားလောင်းပိုးလောက်ကောင်တွေပါ။ အဲ့ဒီနောက်ချေးပိုးကောင်သားလောင်းလေးတွေက မာထန်တဲ့မှိုပွင့်တွေရဲ့အသားစတွေကို စားသောက်ပစ်လိုက်ပြီး အီအီးတွေအဖြစ်ဆွေးမြေ့သွားစေပါတယ်။

https://www.naturepl.com/search/preview/ochre-cushion-fungus-hypocrea-pulvinata-growing-on-old-fruit-body-of-birch/0_01388753.html
သစ်တုံးတွေပေါ်မှာပေါက်လေ့ရှိတဲ့ မှိုအမာအကြီးစား (Bracket fungus and Tinder fungus) တို့လိုမှိုသက်တမ်းကုန်သွားတဲ့အခါ သူတို့အပေါ်မှာ ထပ်ဆင့်ပေါက်တတ်တဲ့ ochre cushion မှိုအမျိုးအစားတွေလည်းရှိပြန်ပါတယ်။

https://www.first-nature.com/fungi/trametes-suaveolens.php

သတ္တဝါတွေရဲ့ ဆွေးမြေ့ခြင်းဖြစ်စဉ်

သတ္တဝါတွေ ပုပ်သိုးဆွေးမြေ့တဲ့နေရာမှာအပင်တွေနဲ့မတူတာကတော့ မှိုတွေအပေါ်မှာ မှီခိုခြင်းသိပ်မရှိဘဲ သတ္တဝါအချင်းချင်းနဲ့ ဘက်တီးရီးယားပိုးမွှားတွေအပေါ် မှီခိုမှုပိုများခြင်းပါပဲ။ သတ္တဝါတွေသေဆုံးပြီးတဲ့အခါမှာ အခြားသော အသားစားသတ္တဝါတွေက သေသွားတဲ့အလောင်းကောင်ကို သူတို့ရဲ့ စွမ်းအင် အာဟာရ အရင်းအမြစ်အဖြစ် စားသောက်ပစ်လေ့ရှိပါတယ်။ စားသောက်လိုက်တဲ့အခါ အချို့က စွမ်းအင်တွေအဖြစ်ရော၊ စားသောက်သူရဲ့အသားစိုင်တွေအဖြစ်ရော ၊ စွန့်ပစ်မစင်တွေအဖြစ်ပါ အသွင်ကူးပြောင်းသွားနိုင်ပါတယ်။ ဒီလိုစားသောက်တတ်တဲ့သတ္တဝါတွေထဲမှာ မြေခွေး၊ ကျီးကန်း၊ လင်းတ၊ ယင်ကောင်တွေနဲ့ ပိတုန်းတွေက အစ အမျိုးစုံအောင်ပါဝင်နိုင်ပါတယ်။ သူတို့စွန့်ထုတ်လိုက်တဲ့ မစင်တွေက အခြားသောသတ္တဝါတွေ၊မှိုတွေ၊ သက်ရှိတွေ အတွက် အစားအစာအရင်းအမြစ် တဖန်ဖြစ်နိုင်ပါသေးတယ်။

https://www.earthtouchnews.com/in-the-field/in-the-field/watch-camera-trap-captures-scavenger-feeding-show-at-an-elk-carcass/
အဲ့ဒီလို အကောင်ကြီးတွေရဲ့ စားသောက်ခြင်းမခံရတဲ့ သတ္တဝါ အလောင်းကောင်တွေရဲ့ ပြိုကွဲမှုဖြစ်စဉ်ကို ဂေဟပညာရှင်တွေက အဆင့် ၅ ဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ပထမအဆင့်ကတော့ လောလောလတ်လတ်သေဆုံးပြီးခါစမှာ ယင်ကောင်တွေ ဝင်လာပြီး အလောင်းကောင်ရဲ့ ပျော့ပြောင်းတဲ့ အသားစတွေ(ဥပမာ စအိုဝ၊ မျက်ခမ်း၊ နှုတ်ခမ်း၊ နားပေါက်ဝ အစရှိတဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကိုဝင်ရလွယ်ကူတဲ့နေရာ) နေရာမှာ ဥဥကြတဲ့အဆင့်ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ခန္ဓာကိုယ်အတွင်းပိုင်းက ဘက်တီးရီးယားတွေကြောင့် ဓာတ်ငွေ့တွေပိတ်လှောင်ပြီး ပုပ်ယောင်လာတဲ့အဆင့်ပါ။ ဒီဖြစ်စဉ်က ပြင်ပကလေအထိအတွေ့မလိုတဲ့ (anaerobic)ဖြစ်စဉ်ဖြစ်ပြီးတော့ ဖြစ်စဉ်ကိုယ်၌ကတော့ အပြင်ဘက်ကို ဆိုးရွားတဲ့အနံ့အသက်တွေထုတ်လွတ်ပါတယ်။ အပုပ်နံ့စထွက်တဲ့အချိန်ပေါ့။ တတိယအဆင့်ကတော့ ပွယောင်းနေတဲ့အလောင်းကောင်ရဲ့ အရေပြားပေါက်ပြဲသွားပြီး ပိတ်လှောင်နေတဲ့ ဓာတ်ငွေ့တွေထွက်သွားလို့ အလောင်းကောင်ပြန်လည် ရှုံ့ဝင်သွားတဲ့အဆင့်ပါ။ ဒီအဆင့်မှာပဲ လောက်ကောင်ပိုးကောင်တွေက အုံနဲ့ကျင်းနဲ့ ပျော့ပြောင်းတဲ့အသားစနေရာတွေကို စားသောက်ကြပါတယ်။ ဒီလောက်ကောင်ပိုးကောင်တွေကို အမဲလိုက်စားသောက်တဲ့ နကျယ်ကောင်တွေ၊ ပိတုန်းကောင်တွေလည်း အလောင်းကောင်ရှိရာကို ရောက်ရှိလာပါပြီ။ စတုတ္ထအဆင့်မှာတော့ အကြောအချဉ်တွေ၊ အရေပြားတွေ နဲ့ အရိုးတွေသာကျန်တော့ပြီး ယင်ကောင်တွေ၊နောက်ချေးပိုးကောင်တွေနဲ့ အခြားကပ်ပါးကောင်တွေက ဆက်လက် စားသောက်ဖြိုခွဲပါတယ်။ နောက်ဆုံးအဆင့် မှာတော့ အရိုးနဲ့အမွှေးအမျှင်တွေသာကျန်ရှိပြီး ဒီလက်ကျန်တွေကတော့ နှစ်ပေါင်းများစွာ မပျက်စီးဘဲ ကျန်ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ မြေကြွက်တွေနဲ့ အခြား တိရိစ္ဆာန် တွေက ထုံးဓာတ်အလို့ငှာ ဒီလိုအရိုးတွေကို စားသုံးတတ်ကြပါသေးတယ်။ဒီပြိုကွဲမှုဖြစ်စဉ်အစအဆုံးက အခြေအနေပေါ် လိုက်ပြီး လတွေ နှစ်တွေချီပြီးကြာနိုင်ပါတယ်။
သတ္တဝါတွေပြိုကွဲမှုဖြစ်စဉ်မှာပါတဲ့ မှိုတွေရဲ့ဥပမာတခုကိုပြောရရင် လိပ်ပြာ သို့မဟုတ် ပိုးတုံးလုံး ကောင်လေးတွေအပေါ် ကပ်ပါးပေါက်တဲ့ မှိုအမျိုးအစားတွေကိုညွှန်းဆိုလို့ရပါတယ်။ ကချင်ပြည်နယ်က ဆေးဘက်ဝင်လှပါတယ်ဆိုတဲ့ ကော်ဒီဆပ် မှိုအမျိုးအစားမျိုးပေါ့။ ရှီးပဒီးလို့လည်းခေါ်ကြပါတယ်။

https://allthatsinteresting.com/cordyceps-killer-fungus

ပုပ်ဆွေးခြင်းက အသစ်ပြန်လည်ဖွံ့ဖြိုးမှုအတွက်အခရာ

ပုပ်ဆွေးပြိုကွဲခြင်းတွေက လူသားတွေအမြင်မှာ မသတီစရာဆိုပေမယ့် ဂေဟစနစ်ကြီးတခုလုံးအတွက်တော့ အလွန်အရေးပါပါတယ်။ ဥယျာဉ်ထဲက မြေသြဇာတွေနဲ့ထပ်တူပဲ ကမ္ဘာမြေကြီးပေါ်က သက်ရှိတွေအကုန်လုံးရဲ့ အစာကွင်းဆက်ကို အထောက်အပံ့ပြုပါတယ်။ လက်ရှိလူသားတွေဖန်တီးဖော်ဆောင်နေတဲ့ လူနေမှုစနစ်က သဘာဝတရားနဲ့ ဝေးသည်ထက်ဝေးလာတာမို့ ဂေဟစနစ်ချိန်ခွင်လျှာမညီဘဲ ရေရှည်မှာ ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ ပုပ်ဆွေးခြင်းရဲ့ အခန်းကဏ္ဍကို အသိမှတ်ပြုနားလည်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အတွက် ရေရှည်မှာပိုမိုကောင်းမွန်ပြီး လိုက်လျောညီထွေဖြစ်တဲ့ စီမံချက်တွေ အတွေးသစ်အမြင်သစ်တွေရရှိလာမှာဖြစ်ပါတယ်။
မှီငြမ်း
Sources & further reading
  • Boberg, J., 2009. Litter decomposing fungi in boreal forests. Swedish University of Agricultural Sciences, Uppsala, Sweden.
  • Buczacki, S., 1989.Fungi of Britain and Europe. Collins: London.
  • Coleman, D.C., Crossley Jr., D.A., Hendrix, P.F., 2004. Fundamentals of Soil Ecology.Academic Press, Burlington, Massachusetts.
  • Packham, J.R., Harding, D.J., Hilton, G.M., 1992. Functional ecology of woodlands and forests”¬ Springer.
  • Resh, V.H., Cardé, R.T., 2009 . Encyclopedia of insects Academic Press, Burlington, Massachusetts.
  • Decomposition www.countrysideinfo.co.uk/decompos.htm Accessed, 24th October 2011
  • Decomposition http://en.wikipedia.org/wiki/Decomposition Accessed, 24th October 2011
ယခုဆောင်းပါးကို ဤ Link မှ အဓိကမှီငြမ်း၍ ရေးသားပြုစုထားပါသည်။
Sharing is caring