ကမ္ဘာ့ပထမဆုံးစုပေါင်း နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့တွင်းနက်ရဲ့ပုံရိပ်ကိုဖမ်းယူနိုင်ခဲ့ပြီ

MIT မှာရှိတဲ့ Haystack နက္ခတ်တာရာမျှော်စင်မှ သိပ္ပံပညာရှင်တွေပါဝင်တဲ့ နိုင်ငံတကာ နက္ခတ္တဗေဒပညာရှင် အယောက် ၂၀၀ ကျော်စုပေါင်းပြီးတော့ တွင်းနက်(Black Hole) ရဲ့ပုံရိပ် ကို တိုက်ရိုက်ရယူရိုက်ကူးပြီး သိပ္ပံသမိုင်းမှတ်တိုင်တခုကိုစထူလိုက်ပါတယ်။
ကမ္ဘာ့တိုက်ကြီးလေးခုပေါ်က နေရာအသီးသီးမှာရှိတဲ့ နက္ခတ်တာရာမျှော်စင် ၈ ခုကို ကမ္ဘာအရွယ်အစားလောက်ကြီးမားတဲ့ စုပေါင်း နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးတခုသဖွယ် ပေါင်းစပ်ကာ ယခုလို တွင်းနက်ရဲ့ပုံရိပ်ကိုဖမ်းယူခဲ့နိုင်တာဖြစ်ပါတယ်။
ဒီနေ့အတွက်အထူးထုတ် စာစောင်တခုဖြစ်တဲ့ Astrophysical Journal Letters မှာ ဒီအဖွဲ့ဟာ ကမ္ဘာနဲ့ အလင်းနှစ် ၅၅ သန်းကွာဝေးတဲ့ Virgo ဂလက်ဆီအစုအဖွဲ့ထဲက Messier 87 သို့ M87 လို့ခေါ်တဲ့ ဂလက်ဆီရဲ့ ဗဟိုမှာရှိတဲ့ ဒြပ်ထုအနန္တကြီးမားလှတဲ့တွင်းနက်ကြီးတခု (Supermassive Blackhole) ရဲ့ပုံရိပ် ၄ ခုကိုထုတ်ပြန်ပြသခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ပုံ ၄ ခုစလုံးမှာဆိုရင် အလယ်မှာ မှောင်မည်းနေပြီး ဘေးနားအဝန်းပတ်ပတ်လည်မှာ အလင်းရောင်ထွက်နေတဲ့ ပုံကိုမြင်ရမှာဖြစ်ပါတယ်။ ဘေးနှစ်ဖက်ရှိရာမှာ တဖက်က ပိုပြီး အလင်းရောင်များတာကိုလည်းတွေ့နိုင်ပါတယ်။
အဲလ်ဘတ် အိုင်းစတိုင်းက သူ့ရဲ့ ယေဘုယျ နှိုင်းရသီအိုရီ (General Relativity)ကိုအခြေခံပြီး တွင်းနက်တွေရဲ့တည်ရှိမှုကိုဟောကိန်းထုတ်ခဲ့ပါတယ်။ သူ့ရဲ့သီအိုရီအရ တွင်းနက်တွေဟာ အာကာသထဲမှာ တိပတဲ့ပုံစံနဲ့ ဒြပ်ထုသိပ်သည်းဆ အနန္တရှိပြီး ဒြပ်ဆွဲအားက ပြင်းထန်လွန်းတာကြောင့် အလင်းတောင်မှ သူ့ရဲ့ဆွဲအားစက်ကွင်းထဲက လွတ်မထွက်နိုင်ပါဘူး။ ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုချက်အရ အလင်းမထွက်နိုင်တဲ့တွင်းနက်တွေကိုမမြင်တွေ့နိုင်ပါဘူး။ သို့ပေမယ့် တွင်းနက်တွေကို အလင်းထုတ်လွတ်နိုင်တဲ့ Plasma လိုပစ္စည်းမျိုးတွေက ဝန်းရံထားမယ်ဆိုရင်တော့ အိုင်းစတိုင်းရဲ့ညီမျှခြင်းတွေအရ ဖြစ်ရပ်စက်ဝန်း (Event horizon) ပတ်ပတ်လည်မှာ တွင်းနက်ရဲ့ပုံရိပ်ကို မြင်နိုင်မှာဖြစ်ပါတယ်။ ယခုလက်ရှိ M87 ကနေရရှိထားတဲ့ ပုံရိပ်တွေအားလုံးဟာ အလယ်ပိုင်းမှာမှောင်နေပြီး ဘေးဘက်တွေမှာအလင်းရောင်ပိုတောက်တာမို့ တွင်းနက်ရဲ့ပုံရိပ်ကို ပထမဦးဆုံးအနေနဲ့ဖမ်းယူနိုင်ပြီလို့ယုံကြည်ထားပါတယ်။ နှိုင်းရသီအိုရီအရ တွင်းနက်ရဲ့ ပြင်းထန်တဲ့ ဒြပ်ဆွဲအားဟာ ၎င်းင်းရဲ့အနီးတဝိုက်က အလင်းတွေကို ကွေးညွှတ်သွားစေမယ်လို့ ဟောကိန်းထုတ်ထားတာဖြစ်ပါတယ်။ ဒီအပြင်သူ့ပတ်ဝန်းကျင်က အရာဝတ္တုတွေကိုလည်း အလင်းအလျင်နီးပါးမြန်တဲ့ အမြန်နှုန်းနဲ့ တွင်းနက်ကိုလည်ပတ်နေစေမယ်လို့ခန့်မှန်းထားပါတယ်။ ယခုရရှိလာတဲ့ပုံရိပ်အသစ်တွေထဲက တောက်ပတဲ့အလင်းကွင်းတွေက ဒီဖြစ်စဉ်တွေရဲ့ သက်သေ ပုံရိပ်တွေပါပဲ။ ဒီအရာဝတ္တုတွေလည်ပတ်တဲ့ပတ်လမ်းတွေအရ တွင်းနက်ကိုလှည့်ပတ်ရာမှာ ကျွန်ုပ်တို့ကမ္ဘာတည်ရှိရာကို ဦးတည်နေတဲ့ လမ်းကြောင်းဘက်က အရာဝတ္တုတွေက အလင်းရောင်ပိုမိုတောက်ပပြီး၊ ကျွန်ုပ်တို့တည်ရှိရာကမ္ဘာနဲ့ အဝေးကို ဦးတည်သွားတဲ့လမ်းကြောင်းက အရာဝတ္တုတွေက အလင်းရောင်မှိန်ပြသွားတာမျိုးဖြစ်ပါတယ်။
ဒီပုံရိပ်အသစ်တွေကနေ ခန့်မှန်းတွက်ချက်ရရင် ဒီတွင်းနက်ရဲ့ဒြပ်ထုဟာ ကျွန်ုပ်တို့နေရဲ့ ဒြပ်ထုထက် အဆပေါင်း ကုဋေ ၆၅၀ ခန့်ပိုမိုကြီးမားတယ်လို့ ကျွမ်းကျင်သူသီအိုရီသမားတွေနဲ့ မော်ဒယ်တည်ဆောက်သူတွေကဆိုပါတယ်။ ပုံရိပ်တွေက တပုံနဲ့တပုံ ထပ်တူမကျတာကြောင့် အရာဝတ္တုတွေဟာ တွင်းနက်ကို အလွန်လျင်မြန်စွာလှည့်ပတ်နေကြတယ်လို့ ကောက်ချက်ဆွဲထားပါတယ်။ “ဒီတွင်းနက်ကြီးက နတ်ပကျူးဂြိုလ် (Neptune) ရဲ့ နေကိုပတ်တဲ့ ပတ်လမ်းထက်တောင်ကျယ်ပါသေးတယ်၊ နတ်ပကျူးဂြိုလ်(Neptune) ဟာ နေကို တပတ်ပြည့်အောင်ပတ်ဖို့ နှစ် ၂၀၀ ကြာပါတယ်၊ ဒီလောက်ဒြပ်ထုကြီးတဲ့အတွက် တကယ်လို့များ ဂြိုလ်တခုက ဒီတွင်းနက်ကို တပတ်ပြည့်အောင်ပတ်မယ်ဆိုရင်တော့ ၇ ရက်လောက်အတွင်းမှာ အလင်းအလျင်နီးပါးအမြန်နှုန်းနဲ့ ပတ်သွားမှာဖြစ်ပါတယ်။ “အာကာသထဲကအရာတွေဟာ မပြောင်းမလဲတည်မြဲနေသလို လူတွေကမှတ်ယူတတ်ကြပါတယ်၊ တကယ်လို့ပြောင်းလဲတယ်ဆိုရင်တောင် အလွန်ရှည်ကြာပြီး ရာစုနှစ်တွေချီတဲ့ နှေးကွေးတဲ့ပြောင်းလဲမှုတွေမျိုးပြလို့မှတ်ယူကြတာမျိုးပေါ့၊ ဒါပေမဲ့ M87 ကနေ ကျွန်တော်တို့သိရှိရတာကတော့ အာကာသထဲက ယခုလိုကြီးမားလေးလံတဲ့အရာဝတ္တုတွေက တနေ့တာအတွင်းမှာပဲ ပြောင်းလဲမှုတွေဖြစ်ပွားနိုင်တယ်ဆိုတာပါပဲ၊ နောင်ဆိုရုပ်သံမှတ်တမ်းတွေတောင် ရိုက်ကူးလာနိုင်ဖို့အလားအလာရှိပါတယ်၊ ဒီနေ့တွေ့ရှိမှုက စဦးရိုက်ချက်တွေပေါ့” လို့ Haystack နက္ခတ်တာရာမျှော်စင်မှ သုတေသနပညာရှင် Vincent Fish ကပြောပါတယ်။
“M87 တွင်းနက်ရဲ့ ဒီပုံရိပ်သစ်တွေဟာ အိုင်းစတိုင်းရဲ့သီအိုရီကို ထပ်မံအောင်ပွဲခံပေးလိုက်တာပါပဲ၊ ဒီတွေ့ရှိမှုက Haystacks က ပညာရှင်တွေရဲ့ ခေတ်မီဒစ်ဂျစ်တယ် နည်းစနစ် တွေရဲ့ရလာဒ်ပဲဖြစ်ပါတယ်” လို့ Department of Earth, Atmospheric and Planetary Sciences ရှိ Professor of Geophysics ဖြစ်သူ ပရော်ဖက်ဆာ E.A. Grisworld က ချီးကျူးပြောဆိုခဲ့ပါတယ်။

ယခုဆောင်းပါးတိုကို ဤ Link မှ အဓိကမှီငြမ်းတင်ပြထားခြင်းဖြစ်ပါသည်။

#YarWynnOoe

Sharing is caring