ကျောက်ခဲကနေ ရေဘယ်လိုထုတ်မလဲ

မတော်တဆ လကမ္ဘာပေါ်သွားလည်တုန်းရေပြတ်သွားရင် ရေကိုရှာဖို့ လေဆာ ဓာတ်မီးတလုံးလိုပါမယ်တဲ့။

သုတေသီတွေက Olivine သတ္တုရိုင်း (Olivine ဆိုတာ လကမ္ဘာပေါ်မှာ အလွယ်တကူတွေ့ရှိနိုင်တဲ့ သတ္တုရိုင်းတမျိုးပါ)ကို ဓာတ်ရောင်ခြည်တွေ နဲ့ ထိုး အပူတွေတိုက်ပြီး ရေထွက်လာအောင် စမ်းကြည့်ခဲ့ကြပေမဲ့ တကယ်လွယ်ကူအလုပ်ဖြစ်တဲ့နည်းက လေဆာ အလင်းတန်းတွေကို အသုံးပြုတဲ့နည်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

NASA ကရယူသိမ်းဆည်းထားတဲ့ Olivine ကျောက်

လပေါ်ကို ရေက ဘယ်လိုရောက်

လက ခြောက်သွေ့တယ်ဆိုပြီး သတ်မှတ်ထားတာ သိပ်မကြာခင်ကာလအထိပါပဲ။ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က Apollo အာကာသယာဉ်မှူးတွေ လကမ္ဘာကိုသွားရောက်ခဲ့ကြတဲ့အခါမှာ လမျက်နှာပြင်ပေါ်မှာ ရေနဲ့တူတာ ဘာမှမမြင်ခဲ့ရသလို ပြန်သယ်လာတဲ့ လကျောက်ခဲနမူနာတွေကို ကမ္ဘာပေါ်မှာပြန်စစ်ဆေးတဲ့အခါ(အဲ့ဒီအချိန်က နောက်ဆုံးပေါ်ကောင်းပေ့ဆိုတဲ့ ကိရိယာတွေနဲ့ စစ်ဆေးတဲ့အခါ)မှာလည်း ရေဆိုတာ မတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ မျက်မှောက်ခေတ်မှာ နည်းပညာတွေမြင့်၊ စက်တွေကလည်း စမ်းသပ်နိုင်စွမ်းပိုမြင့်လာပါပြီ။ ပထမဆုံး လပေါ်မှာရေရှိတယ်ဆိုတဲ့ခိုင်မာတဲ့အထောက်အထားကို 2008 ခုနှစ်မှာ လကမ္ဘာဆီသွားရောက်လေ့လာတဲ့ အိန္ဒိယ အာကာသယာဉ် Chandrayaan-1 ကနေသိရှိခဲ့ရပါတယ်။ ဒီနေ့ခေတ်မှာတော့ လပေါ်မှာ ရေတွေ ဘယ်လိုဖြစ်လာပြီး ဘယ်လိုတည်မြဲနေတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးပေမဲ့ NASA ရဲ့ ရှေ့ပြေးလပတ်ယာဉ် ကနေ တွေ့ရှိထားသမျှ ရေခဲကျောတွေရဲ့နေရာကို မှတ်တမ်းတင်ထားနိုင်ပြီးဖြစ်ပါတယ်။ရေအများစုကိုတော့ လကမ္ဘာရဲ့နေရောင်ခြည်ရဲ့အပူကနေ လွတ်ကင်းနေတဲ့ ဘက်ခြမ်းတွေက ချိုင့်ဝှမ်းတွေထဲမှာတွေ့ရတာဖြစ်ပါတယ်။

နောက်ထပ်ယုတ္တိကျတဲ့မေးခွန်းက ဒီလ‌ပေါ်ကရေတွေဘယ်ကလာလဲ၊ ဘယ်လိုဖြစ်ပြီး ပါးလျလွန်းတဲ့လေထုနဲ့ ပူပြင်းလှတဲ့နေပူရှိန်အောက်မှာ အခုထိအောင်တည်ရှိနေနိုင်ကြတာလဲဆိုတာပဲဖြစ်ပါတယ်။ ကြယ်တံခွန်တွေက သယ်လာတာဖြစ်နိုင်ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ကြယ်တံခွန်ဆိုတာ ရေတွေပဲမဟုတ်လား။

နောက်တခုဖြစ်နိုင်တာက အဲ့ဒီရေတွေဟာ နေကြောင့်ဖြစ်ပေါ်လာတာလည်းဖြစ်နိုင်ပါတယ်။ ဒီလောက်ပူတဲ့နေက ဘယ်လိုလုပ် ရေကိုဖြစ်စေနိုင်မှာလဲဆိုပြီး မေးခွန်းထုတ်မယ်ဆိုရင်တော့ အဖြေကဒီလိုပါ။ နေက ပူပြင်းတဲ့ရောင်ခြည်တွေအပြင်၊ Solar Wind ဆိုတဲ့ နေမုန်တိုင်းတွေနဲ့လည်း တိုက်ခတ်တတ်ပါသေးတယ်။ Solar Wind နေမုန်တိုင်းဆိုတာကတော့ နေကနေပြီးတော့ နေအဖွဲ့စည်းတခုလုံးကို ဖြန့်ကျက်လွှင့်ထွက်နေတဲ့ အမှုန်စီးကြောင်းတွေပဲဖြစ်ပါတယ်။

နေမျက်နှာပြင်အနီးအနားက အားကောင်းလှတဲ့ နေမုန်တိုင်း (Solar Wind)
လေ့လာမှုအသစ်တစ်ခုကတော့ Solar wind ထဲမှာရှိတဲ့ protons (သို့မဟုတ် electrons မပါတဲ့ hydrogen အက်တမ်များ ) နဲ့ လရဲ့ကျောက်သားသတ္တုတွေထဲက အောက်စီဂျင်နဲ့ ပေါင်းစည်းလိုက်ခြင်းက ရေ (H2O) ကို ဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ်။ အဲဒီရေတွေက တဖြည်းဖြည်းနဲ့ ပါးလျတဲ့ လရဲ့လေထုထဲမှာ စုဝေးလာကြတာမျိုးပေါ့။

ကျောက်ခဲကနေရေဘယ်လိုထုတ်မလဲ

အဲ့ဒီတော့ လပေါ်မှာရှိတဲ့ ကျောက်သားထုထဲကနေ ရေကို ကျွန်ုပ်တို့ ဘယ်လို ထုတ်ယူကြမလဲ။ သုတေသန အဖွဲ့တွေကတော့ လက်တွေ့စမ်းသပ်မှုတွေ တတ်စွမ်းသမျှအကောင်းဆုံး စမ်းသပ်ခဲ့ကြပါတယ်။ စမ်းသပ်လို့ရလောက်တဲ့ပမာဏအထိရေတွေဖြစ်ပေါ်လာအောင် သူတို့က olivine ပုံဆောင်ခဲကိုအမှုန့်ကြိတ်ပြီး လေဟာနယ် အခန်းထဲမှာ 10° K ( – 263°C သို့မဟုတ် – 442°F ) အထိ အေးခဲစေခဲ့ပါတယ်။ အဲဒီနောက် နှစ်ပေါင်း 300 လောက် နေမုန်တိုင်း(Solar Wind)တိုက်ခတ်ခံရတဲ့ပမာဏနဲ့ညီမျှတဲ့ Radiation နဲ့ထိတွေ့စေပါတယ်။ ပြီးတော့ ကျောက်သားတွေကို 300°K ( 27°C သို့မဟုတ် 80°F ) အပူပေးခဲ့ပြီး ရေကိုထုတ်ယူကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ အလားတူစမ်းသပ်မှုမှာ ရေကို စမ်းသပ်တွေ့ရှိခဲ့တယ်လို့ဆိုပေမဲ့ တူညီတဲ့ရလာဒ်မရတဲ့အဖွဲ့လည်းရှိပြန်ပါတယ်။ သူတို့တွေအနေနဲ့ အခြားအဖွဲ့တွေတွေ့တဲ့ရေဟာ စမ်းသပ်တဲ့ လေဟာနယ်ထဲမှာခိုကပ်နေတဲ့ ရေတွေကို မတော်တဆ ထောက်လှမ်းမိတာဖြစ်နိုင်ကောင်းတယ်လို့ ဆိုပါတယ်။
အဲ့ဒီအတွက်ပညာရှင်တွေက ကျောက်သားတွေကို ရောင်ခြည်ပေးဖို့အတွက် Deuterium (hydrogen ရဲ့ပိုမို သိပ်သည်းတဲ့ ပုံစံတစ်ခု ) ကို သူတို့ရဲ့ လက်တွေ့စမ်းသပ်မှုမှာပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ရေထုတ်ယူဖို့ နောက်ဆုံးသူတို့ရှာဖွေတွေ့ရှိတဲ့နည်းလမ်းကတော့ လေဆာရောင်ခြည်နဲ့ထိုးတဲ့နည်းဖြစ်နေပါတော့တယ်။

Deuterium အက်တမ် နဲ့ Hydrogen အက်တမ်ရဲ့ ကွာခြားပုံသဘောတရားကို ယှဉ်ပြထားတဲ့ပုံဖြစ်ပါတယ်။
လေဆာရောင်ခြည်ရဲ့ရိုက်ခတ်မှုက လကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ Micrometeorites ရဲ့ ရိုက်ခတ်မှုနဲ့အလားသဏ္ဍာန်တူနေပါတယ်။ Micrometeorites တွေဆိုတာ အချိန်နဲ့အမျှ လကမ္ဘာကို ဝင်တိုက်နေတဲ့ အလွန်သေးလွန်းတဲ့ ဥက္ကာခဲစငယ်လေးတွေ ဖြစ်ပြီးတော့ လရဲ့မျက်နှာပြင်ကိုရိုက်ခတ်ချိန်မှာ ရိုက်ခတ်တဲ့ဒေသတဝိုက် ရုတ်ချည်းအပူချိန်မြင့်တက်စေပါတယ်။ အဲ့ဒီတော့ လပေါ်ကရေတွေဟာ နေမုန်တိုင်းတွေကြောင့် လကျောက်ခဲတွေထဲမှာအစပြုဖြစ်ပေါ်လာပြီး ကျောက်ခဲတွေရဲ့အပြင်ဘက်ကိုထုတ်ယူချင်တယ်ဆိုရင်တော့ ရုတ်ချည်းရိုက်ခတ်မှုတွေလိုအပ်မှာဖြစ်ပါတယ်။

လမျက်နှာပြင်ပေါသို့ ဥုက္ကာခဲစရိုက်ခတ်မှုကြောင့် ရေနှင့်အခြား ဓာတ်ပစ္စည်းများ ပေါက်ကွဲထွက်လာပုံ။ (Image: © Molecules and data courtesy of Cheng Zhu and Ralf I. Kaiser; background image courtesy of NASA/Goddard/Conceptual Image Lab.)
ဒီအရာက အနာဂတ် အာကာသ အမှုထမ်းတွေအတွက် လကမ္ဘာပေါ်က ရေကို လိုအပ်သလောက်ထုတ်သုံးယူနိုင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ပြီးတော့ NASA ရဲ့ အစီအစဉ်အရ 2024 ခုနှစ် မတိုင်ခင် အစောပိုင်းတွေမှာ လကမ္ဘာပေါ်ကို လူတွေ ပြန်လည်ပို့ဆောင်ဖို့ ရှိနေပါတယ်။ ကမ္ဘာနဲ့ဝေးရာအရပ်မှာ ကိုယ်ပိုင်ရေရှည်ရပ်တည်နိုင်တဲ့ စနစ်တခုတည်ဆောက်နိုင်မယ်ဆိုရင် ရှိရှိသမျှလိုအပ်တဲ့အရာတွေကို ကမ္ဘာမြေကြီးပေါ်က သယ်ယူပို့ဆောင်ရတာထက် ပိုပြီး အဆင်ပြေလွယ်ကူစေပါလိမ့်မယ်။
ဒီအတွက်ကြောင့် လပေါ်မှာရေအလုံအလောက်ရှိနေစေဖို့နဲ့ ရေတွေထုတ်ယူဖို့ လေဆာ guns ကောင်းကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ဆုတောင်းကြပါစို့လို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။
Sharing is caring